Skip to main content

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အခမ်းအနား၌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ ပထမအကြိမ် “တရားဥပဒေစိုးမိုးရေးဆီသို့” မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) ကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ရည်မှန်းချက် ပန်းတိုင် ၄ ရပ်ဖြင့် အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ယင်းစီမံကိန်း ပြီးဆုံးဖြစ်၍ ဒုတိယအကြိမ် “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” မဟာဗျူဟာစီမံ ကိန်း (၂၀၂၀-၂၀၂၄) ကို USAID (PRLM-Promoting Rule of Law in Myanmar) ၏ ပံ့ပိုး ကူညီမှုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမ ၅ နှစ် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ အပေါ် လေ့လာသုံးသပ်ခြင်းနှင့် သုတေသနပြုလုပ်ခြင်းများမှ ရရှိလာ သော အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များနှင့် အတွေ့အကြုံများကို အခြေခံ၍ ယခု ဒုတိယ ၅ နှစ် စီမံကိန်းအား ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းမဟာ ဗျူဟာစီမံ ကိန်းတွင် ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာရည်မှန်းချက် ၁၅ ရပ်နှင့် မဟာဗျူဟာ အစီအစဉ် ၄၀ တို့ကို ထည့်သွင်းရေးဆွဲထားပါကြောင်း။

စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများ၊ လွှတ်တော်၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ဥပဒေပညာဌာနမှ ပါမောက္ခများနှင့် တရားမျှတမှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြသည့် အခြားဆက်စပ် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး ဆွေးနွေးညှိနှိုင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေး ညှိနှိုင်းပွဲများမှ ရရှိလာသော အကြံပြုချက်၊ ဖြည့်စွက် ချက်များကို ထည့်သွင်းစဉ်းစား ရေးဆွဲခဲ့ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံး အဆင့်ဆင့်အတွက်သာမက အများပြည်သူကို ကောင်းမွန်တဲ့ ဥပဒေဝန်ဆောင်မှုမျာ ပေးနိုင်ရန်၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီစေနိုင်ရန်နှင့် ဥပဒေရုံးအဆင့်ဆင့်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များ အပေါ်အများက ယုံကြည်အားထားလာ စေရန် ရည်မှန်းရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းအောင်မြင် စေရန်အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကဏ္ဍအသီးသီးမှ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းရေးဆွဲရာတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ကြသူများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်လက် ကူညီဆောင်ရွက်ပေးမည့် သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)