နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း၏ အလုပ်အမှု ဆောင်များ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများမှ မန်နေးဂျင်း ဒါရိုက်တာများနှင့် ပြည်တွင်းအလုပ်အကိုင်များကို New Nomal နှင့်အညီ ပိုမိုလျှင်မြန် ထိရောက်စွာ ရှာဖွေပေးနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် အလုပ်သမားဈေးကွက်များ အပေါ် မကြုံစဖူးသက်ရောက်မှုများရှိပြီး မြန်မာနိုင်ငံတွင် လည်း ကိုဗစ်-၁၉ ကြောင့် စက်ရုံပိတ် သိမ်းခြင်း၊ အလုပ်သမားအင်အား လျော့ချခြင်းများစသည့် အလုပ်အကိုင်ဆိုင်ရာပြဿနာများ၊ စိန်ခေါ် မှုများကိုကြုံတွေ့ရပြီး နိုင်ငံတော်က ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများပြန်လည် ဦးမော့လာစေရေး အတွက် ငွေကြေးအရ ကူညီဆောင်ရွက် ပေးမှုများနှင့် ဖြေလျော့ပေးမှုများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအပေါ် ရိုက်ခတ်မှုများအား သက်သာမှု ရှိစေရန် အလေးထား ဆောင်ရွက် ပေးလျက်ရှိပြီး၊ ဝန်ကြီးဌာနရှိ လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမား၊ ဝန်ထမ်းများအား လူမှုဖူလုံရေး ထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့် ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ၊ Quarantine ဝင်ရောက်သည့် အာမခံအလုပ်သမားများမကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းနှင့် ကိုယ်ဝန်ဆောင်အာမခံ အလုပ်သမားများ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း စုစုပေါင်း အာမခံအလုပ်သမား၊ ဝန်ထမ်းဦးရေ ၁၅၃၄၁၇၄ ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၅၉၆၁ ဒသမ ၇၆၈ သန်းအား ခွင့်ပြု ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ခရိုင်နှင့် မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံးဖွင့်လှစ်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့် ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့်အညီ အလုပ်ရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေး ခြင်း၊အစိုးရဌာန၊ အလုပ်သမား(၅) ဦးနှင့်အထက်ရှိသော သမဝါယမ၊ ဖက်စပ်လုပ်ငန်း နှင့်ပုဂ္ဂလိက လုပ်ငန်းရှင်တို့ထံမှအလုပ်သမားလိုအပ်ကြောင်း အကြောင်းကြားစာ (အမှာစာ)များ လက်ခံဆောင်ရွက်ခြင်း၊ အမှာစာအရသင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများအား အလုပ် ရှင် ထံစုဆောင်း ပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ်ထားသူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေး ကတ်ပြား (အလလခပုံစံ-၇)ထုတ်ပေးခြင်းများကို ကိုဗစ်-၁၉ ကာလအတွင်း ၌လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန် မပျက်ဆောင် ရွက်ပေးလျက်ရှိကြောင်း။
အလုပ်အကိုင်ရရှိရေးကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီမှတ်ပုံတင်ထားသော နိုင်ငံသားပိုင်ကုမ္ပဏီများအား ၂၀၁၀ ခုနှစ်မှစတင်၍ ဥပဒေသတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး လက်ရှိအချိန် အထိ အကျိုးဆောင်လိုင်စင်ရအေဂျင်စီ (၁၀၁) ခုခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေး အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်လျှောက်ထား ခြင်းနှင့် သက်တမ်း တိုးလိုင်စင်လျှောက်ထားခြင်းတို့ကိုသတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြု ပေးလျက်ရှိပြီး အေဂျင်စီများအနေဖြင့် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ အလွန်ကာလတွင်လည်း Digitalization ဖြင့်ဆောင်ရွက်ရမည့် အလုပ် ကိုင် အခွင့်အလမ်းအသစ်များ ပိုမိုများပြားလာမည်ဖြစ်သည့်အတွက် ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအနေဖြင့် ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတို့တွင် လုပ်သားဈေးကွက် သတင်းအချက်အလက်များကို အလုပ်ရှာဖွေသူများနှင့် လုပ်ငန်းရှင်များ လက်လှမ်းမီရရှိရေးမြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး လုပ်ဆောင်ရာတွင် နည်းပညာ အသုံးပြု၍ ဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်သည့် လမ်းကြောင်းသစ်များကိုရှာဖွေပြီး အလုပ်အကိုင်ဆိုင်ရာ သတင်းအချက် အလက်များကို အလုပ်ရှာဖွေသူများ သိရှိလေ့လာနိုင်ရန် လုပ်ဆောင်ခြင်းများကို အလုပ်အကိုင်ဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှု စနစ်များနှင့် ပြင်ဆင် ဆောင်ရွက်ခြင်း၊ အွန်လိုင်းဖြင့် အလုပ်အကိုင်ရရှိရန် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပြပွဲများ ကျင်းပပေးခြင်း စသည်တို့ကို ခေတ်ကာလနှင့်လျော်ညီအောင် လုပ်ဆောင်ရန်လိုအပ်မည်ဖြစ် ကြောင်း။
နိုင်ငံတော်၏ စီးပွားရေးပြန်လည်နာလန်ထူရန် လုပ်ဆောင်ရာတွင် အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုကဏ္ဍသည်လည်း အခန်းကဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်ကြောင်း၊ အေဂျင်စီ များအနေဖြင့် ပုဂ္ဂလိကအလုပ်အကိုင်ဝန်ဆောင်မှုအားဖြင့် အလုပ်ရှာဖွေသူများကိုကူညီရန် မိမိတို့၏ အခန်းကဏ္ဍအတွက် အရည်အချင်း၊ နည်းစနစ်နှင့် စွမ်းဆောင်ရည်တို့ကို ပိုမိုမြှင့်တင် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင် ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကို ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့် ဖွဲ့စည်းထားပြီးဖြစ်၍ အသင်းအနေဖြင့် မှန်ကန်သည့် ဦးဆောင်မှုနှင့် အေဂျင်စီများအားလုံး အချင်းချင်းစည်းလုံးညီညွတ်စွာ လုပ်ဆောင်ရန်နှင့် ပွင့်လင်းမြင်သာစွာ ဖြင့်ဆောင်ရွက်ရန်၊ ဂုဏ်သိက္ခာရှိသော အေဂျင်စီများ အဖြစ်အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များ၏အကျိုးကိုသယ်ပိုး၍ အလုပ်အကိုင်နှင့် ပတ်သက် သည့် ဝန်ဆောင်မှုများပေးကြရန်နှင့် အေဂျင်စီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အေဂျင်စီများ၏ ယခင်တင်ပြချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက အလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ ဒုတိယဝန်ကြီးက ဖြည့်စွက်ရှင်းလင်းပြောကြား၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအလုပ်အကိုင် ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း၏ အလုပ်အမှုဆောင်များ၊ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအကျိုးဆောင် အေဂျင်စီများမှ မန်နေးဂျင်းဒါရိုက်တာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)