Skip to main content

ကယားပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းနှင့် ပြက္ခဒိန်ထုတ်ဝေရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာတည်းအဖွဲ့များ၊ မဂ္ဂဇင်းစာမူရှင်များ၊ ပြက္ခဒိန်ရိုက်ကူးရေးအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများပေးအပ်

လွိုင်ကော်  ဇန်နဝါရီ ၂၁

ကယားပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းနှင့် ပြက္ခဒိန်ထုတ်ဝေရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာတည်းအဖွဲ့များ၊ မဂ္ဂဇင်းစာမူရှင်များ၊ ပြက္ခဒိန်ရိုက်ကူးရေး အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများပေးအပ်သည့် အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူ လူထုများထဲမှ ထူးချွန်သူများ၊ ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လည်း မိမိတို့အစိုးရအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ လိုအပ်ချက်များ၊ အားနည်းချက် များကို အမြဲအလေးထားပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ကယားပြည်နယ် နှစ်ပတ်လည်မဂ္ဂဇင်းနှင့် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြက္ခဒိန်တွင် ပါဝင်ကူညီအားဖြည့်ပေးသည့် စာမူရှင်များ၊ ဓါတ်ပုံပညာရှင်များနှင့် ပါဝင်ဆောင်ရွက်ခဲ့သူများ အားလုံးကို ချီးကျူး ဂုဏ်ပြုပါကြောင်း အဖွဲ့အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က စာတည်းအဖွဲ့များ၊ စာမူရှင် များနှင့် ပြက္ခဒိန်ရိုက်ကူးရေးအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကယားပြည်နယ် နေ့ အထိမ်းအမှတ် မဂ္ဂဇင်းစာမူရှင်များကိုယ်စား ဆောင်းပါးစာမူရှင် ကြီးမြင့်နိုင်(လွိုင်ကော်)က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)