နေပြည်တော် ဇန်နဝါရီ ၂၀
ဒုတိယအကြိမ် တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြု လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၂) တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်း ရှေ့နေ ၁၅၆ ဦးကို တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ် ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက် ကြသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ် ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် ၂၉၈ ဦး၏ ဝင်ကြေးငွေသွင်းပြေစာနှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်းများ ပေးပို့ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် ရှေ့နေများ ကောင်စီတို့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနား တက်ရောက်လိုကြောင်း လျှောက်ထား လာသူများနှင့် အထက်တန်းရှေ့နေလိုင်စင် မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူ ၃၁၁ ဦးအနက် ယနေ့ကျင်းပသည့် အခမ်းအနားတွင် ၁၅၆ ဦးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ထပ်မံကျင်းပမည်ဖြစ်ပြီး ၁၅၅ ဦးကို ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်