နေပြည်တော် ဇန်နဝါရီ ၁၈
လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားသို့ လူရည်ချွန် (၁၉၆၄- ၁၉၈၈) အဖွဲ့၏ ဂုဏ်ထူးဆောင် နာယက ဒေါက်တာသန်းဦးနှင့် နာယကအဖွဲ့ဝင်များ၊ လူရည်ချွန် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်တွင်း၊ ပြည်ပမှ လူရည်ချွန် ၅၀၀ ခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ “လူရည်ချွန်တွေ အနာဂတ်အတွက် ရှေ့သို့ရွယ်” သီချင်း ကို စုပေါင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့၏ ဂုဏ်ထူးဆောင်နာယက ဦးသန်းဦးနှင့် နာယက အဖွဲ့ဝင်များ၊ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတင့်တင့်ကြည် တို့က အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ လူရည်ချွန် (၁၉၆၄- ၁၉၈၈) အဖွဲ့၏ နှစ်ပတ်လည် အစီရင် ခံစာ၊ ငွေစာရင်းရှင်းတမ်း၊ ကုသိုလ်ဖြစ် လူရည်ချွန်ဆေးခန်း၏ နှစ်ချုပ် အစီရင်ခံစာ၊ မန္တလေး၊ ရခိုင်နှင့် မုံရွာ အဖွဲ့ခွဲတို့၏ အစီရင်ခံစာများ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် လူရည်ချွန်(၁၉၆၄ - ၁၉၈၈) အဖွဲ့၏ ပညာရေးရန်ပုံငွေနှင့် အထွေထွေရန်ပုံငွေအတွက် KBZ MS အထွေထွေအာမခံနှင့် KBZ LIFE အသက်အာမခံတို့၏ကိုယ်စား လူရည် ချွန်များဖြစ်ကြသည့် ဦးညိုမြင့်နှင့် ဇနီး ဒေါက်တာနန်းခင်မေဖူးတို့က ငွေကျပ်သိန်း ၂၀၀ ၊ မြန်မာနိုင်ငံ ကိုဗစ် ကာကွယ်ဆေး ရန်ပုံငွေသို့ လှူဒါန်းရန် အတွက် ကနဦးမတည်ငွေအဖြစ် လူရည်ချွန်များဖြစ်ကြသည့် ယူကေ နိုင်ငံရှိ ဒေါက်တာဦးချစ်ကိုကိုက ငွေကျပ်သိန်း ၅၀ ၊ အမေရိကန်နိုင်ငံရှိ ဒေါက်တာစိုးနီနှင့် ဒေါက်တာခင်ဥမ္မာ တို့က ငွေကျပ် ၁၀ သိန်း၊ ဦးလှိုင်မင်းက ငွေကျပ် သုံးသိန်းနှင့် ဒေါက်တာမြင့်မြင့်သန်းက ငွေကျပ် သုံးသိန်းတို့ကို ပါဝင် လှူဒါန်းကြသည်။
လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့ ၏ အစည်းအဝေးများကို ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုကျင်းပသည့် အစည်းအဝေး သည် (၇) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်