Skip to main content

အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့စက်ဘီးစီးနင်းပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့ စက်ဘီးစီးနင်းပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အမှတ် (၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ သိရသည်။

“စက်ဘီးစီး ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ စီးနင်းဖို့နဲ့ အနှေးယာဉ် မဝင်ရ လမ်းတွေမှာ  စီးတာတွေ၊ လမ်းပြောင်းပြန် စီးတာတွေ၊ မီးနီဖြတ် စီးတာတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက် တာတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အမှတ် (၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူး ရဲထွန်းအောင်က ပြောကြားသည်။

ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း စီးနင်းနေသော ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များ နှင့် ဘက်ထရီ စက်ဘီး များအား စီးနင်းခြင်းမပြုရန် အသိပညာပေး ဆောင်ရွက်မှုများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ တတိယပတ်မှစ၍ ချလန်ဖြတ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ ယာဉ်ကြောကြပ်တည်းသည့် နေရာဖြစ်သည့် လှည်းတန်းဈေးနှင့် လှည်းတန်းလမ်းဆုံ မီးပွိုင့်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စက်ဘီးစီးနင်းရန်နှင့် စည်းကမ်းချိုးဖောက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခြင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အမှတ်(၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ယာဉ်မရပ်ရနေရာများတွင် ရပ်နားခြင်း၊ ရပ်ဆိုင်းခြင်း ပြုလုပ်ပါက ချလံဖြတ်အရေးယူခြင်း၊ အချိန်ကြာမြင့်စွာ ရပ်တန့်ထားသော ယာဉ်များနှင့် ကားပါကင်ရှေ့ ပိတ်ဆို့ရပ်တန့်ထားသော ယာဉ်များအား ယာဉ်ပိုင်ရှင်ထံ ဆက်သွယ်မရပါက ကရိန်းဆွဲအရေးယူခြင်းဖြင့် အများပြည်သူ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေးအတွက် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စည်းကမ်းပျက်မော်တော်ယာဉ် ၂၆၂၆ စီး၊ ဆိုင်ကယ်နှင့် လျှပ် စစ် ဆိုင်ကယ် ၈၀ စီး အပါအဝင် စုစုပေါင်း ၂၇၀၆ စီးနှင့် ကရိန်းဆွဲအရေးယူမှု ၁၁၃ စီးတို့ကို အရေးယူဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကုန်တင်ယာဉ်နှင့် နောက်တွဲယာဉ်များတွင် မော်တော်ယာဉ်အမျိုးအစားအလိုက် တပ်ဆင်ရမည့် အကာအကွယ် တန်းများကို ပြည့်စုံစွာတပ်ဆင်ထားရှိရန် ယာဉ်ပိုင်ရှင်နှင့်ယာဉ် အသင်းတို့အား လာမည့်သီ တင်းပတ်မှ စတင်၍ အသိပညာပေးဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ အကာအကွယ်တန်းများ ပြည့်စုံစွာ တပ်ဆင် ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်