နေပြည်တော် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ခန့်တွင် လားရှိုးမြို့နယ် နောင်လိုင်ကျေးရွာအနီး လားရှိုး-နမ္မတူသွားကားလမ်းတွင် လားရှိုးမြို့မှ နမ္မတူမြို့သို့ အိုက်မာန် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့် စိစစ်ရာ ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၅ ကီလိုကို သိမ်းဆည်းရမိခဲ့သဖြင့် အိုက်မာန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားပြီး သိမ်းဆည်းရမိသော ဘိန်းဖြူများမှာ လားရှိုးမြို့နယ်မှ မန်တုံမြို့နယ်သို့ သယ်ဆောင်၍ မန်တုံ-မိုးမိတ်-ကချင်ပြည်နယ်သို့ သယ်ယူရောင်းချမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်