ရန်ကုန် ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်၏ (၁၂)ကြိမ်မြောက် အသက်(၇၀)နှစ် နှင့်အထက် သက်ကြီးဝါရင့် အားကစား ကလောင်ရှင်ကြီးများအား သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ကန်တော့ပွဲကို မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၂) ဦးမာဂျေ၊ အတွင်းရေးမှူးဦးဖေဒီ၊ တွဲဖက်အတွင်းရေးမှူး(၃) ဦးမြင့်ကြည်တို့ ဦးဆောင်၍ ကန်တော့ခံ အားကစားကလောင်ရှင်ကြီးများဖြစ်ကြသော ဦးစိုးဝင်း (တက္ကသိုလ်စိုးဝင်း)၊ ဦးစိုးမြင့်(စိုးမှူး)၊ ဦးတင်အောင်(ဂိုးတင်အောင်)၊ ဦးကျော့မောင်(ကျော့မောင်-မင်္ဂလာ တောင် ညွန့်)၊ ဦးမြင့်ဆွေ(မြင့်ဆွေမြင့်)၊ ဦးကျော်စိန်သန်း(တက္ကသိုလ် ကျော်စိန်သန်း)တို့အား ကန်တော့ငွေနှင့် ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း ပေးသည်။
ယခုနှစ်တွင် သက်ကြီးဝါရင့် ကန်တော့ခံ အားကစားကလောင်ရှင်ကြီး ၂၃ ဦးရှိပြီး အဆိုပါ ၂၃ ဦးမှ ကျန်ရှိသက်ကြီး အားကစား ကလောင် ရှင်ကြီးများအား တာဝန်ရှိသူများက အွန်လိုင်းဖြင့် ဖြစ်စေ၊ အိမ်တိုင် ရာရောက်ဖြစ်စေ ကန်တော့ ငွေနှင့် ကန်တော့ပစ္စည်းတို့ကို ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်