ရန်ကုန် ဇန်နဝါရီ ၁၇
ဂျပန်နိုင်ငံမှ ဗိသုကာပညာရှင် Mr. Kuma Kengo နှင့် ပူးပေါင်း၍ နိုင်ငံတကာ ပရိဘောဂ ဒီဇိုင်းပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ရာ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအား ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသောကြောင့် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သိရသည်။
လူနေမှုပုံစံအသစ်များ
လက်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် မြို့ပြများ၏ လူဦးရေထူထပ်များပြားခြင်းမှ ဖြစ်ပေါ်လာသော ပြဿနာများမှာ ပိုမို မြင်သာလာပြီး လူနေမှုပုံစံအသစ်များကို ရှာဖွေလာသည်နှင့်အမျှ ကျေးလက် ဒေသများ၏ စွမ်းဆောင်ရည်များ၊ ဖြစ်နိုင် ခြေများနှင့် သဘာဝသယံဇာတများကို အကောင်အထည်ဖော်ရန် ဗိသုကာမှတစ်ဆင့် နယ်မြေဒေသ၏ စွမ်းဆောင်မှုနှင့် သယံဇာတ အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချခြင်းများကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း သင်ကြား ပေးရန် ဗိသုကာပညာရှင်နှင့်အတူ ကောင်းမွန်သော လူနေမှုပုံစံ သစ်ကို စတင် လုပ်ဆောင်ခြင်းလည်းဖြစ်သည်။
အသက် ၃၀ နှစ်အောက်
ပထမအကြိမ် ကျင်းပမည့် KAGU (သစ်သားခုံဒီဇိုင်း) ပြိုင်ပွဲစည်းကမ်းချက်များအနေဖြင့် မည်သည့်သစ်သားမဆို အသုံးပြု ယှဉ်ပြိုင် နိုင်မည်ဖြစ်သော်လည်း အခြားပြိုင်ပွဲများတွင်မူ ဝင်ရောက် ယှဉ်ပြိုင်ထားသည့် လက်ရာများကို လက်ခံ မည် မဟုတ် ကြောင်း၊ ပြိုင်ပွဲဝင်များသည် သက်ဆိုင်ရာကျောင်းများတွင် တက်ရောက်နေပြီး အသက် ၃၀ နှစ်အောက်ဖြစ်ရမည် ဖြစ်ကြောင်းနှင့် အဖွဲ့လိုက်ဖြင့်လည်း ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲလျှောက်လွှာမတင်မီ ဖေဖော်ဝါရီ ၂၇ ရက်ထိ ကြိုတင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် https://www.kagu-higashikawa.jp/english/ လင့်ခ်သို့ ဝင်ရောက်၍ လျှောက်လွှာရယူကာ design@kagu-higashikawa.jp အီးမေးလ်သို့ မတ် ၃၁ ရက် နောက်ဆုံးထား ပေးပို့ရ မည် ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုသည်များကို official@kagu-higashikawa.jp အီးမေးလ်သို့ ဆက်သွယ် မေးမြန်းနိုင် ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဂျပန်ယန်း ငါးသိန်း၊ ထူးချွန်ဆု သုံးဦးအတွက် တစ်ဦးလျှင် ဂျပန်ယန်း တစ်သိန်းစီနှင့် နှစ်သိမ့် ဆုများ ပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးပြည်နယ်ရှိ ဟီဂါရှီခါဝါမြို့သည် သဘာဝအလှအပ များနှင့် ပြည့်စုံသည့် ဓာတ်ပုံမြို့တော်ဖြစ်ပြီး ဗိသုကာလက်ရာများနှင့် နယ်မြေဒေသကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသည့် ဗိသုကာပညာရှင် Mr. Kuma Kengo နှင့် ဟီဂါရှိခါဝါမြို့မှ ဗိသုကာပညာရပ်နှင့် ပရိဘောဂမှတစ်ဆင့် ပိုမိုပြည့်ဝသောလူနေမှု အဆင့်အတန်းဆီသို့ဟူသော ရည်ရွယ်ချက်ဖြင့် ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
ပွင့်သစ္စာ