ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသေဆုံးမှု ကျဆင်းလာသော်လည်း ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားမှုမြင့်မားနေသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် စံချိန်တင်ထားသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီး အစောဆုံး ရောဂါကင်းစင်ခဲ့သည့် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်မြင့်တက်မှုနှင့် ဘရာဇီးနိုင်ငံမှ ကူးစက်မှုဖြစ်စဉ်တို့သည် ကမ္ဘာပေါ်ရှိ ပြည်သူများအားလုံး အထူးသတိပြုနေထိုင်ရန် အချက်ပေးခေါင်းလောင်း ထိုးလိုက်ခြင်းပင် ဖြစ်သည်။ ။
ယခုအခါ ဗြိတိန်တွင် စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် နိုင်ငံပေါင်း ၅၀ ကျော်၊ တောင်အာဖရိကတွင် စတင်တွေ့ရှိခဲ့သော ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် နိုင်ငံပေါင်း ၂၀ ကျော်သို့ အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန် ၊ တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး လျင်မြန်စွာပျံ့နှံ့မှုကြောင့် ပြည်နယ်မြို့တော် ဆေးရုံများတွင် ပိုးတွေ့လူနာများ ပြည့်လျှံကာ အခြေအနေဆိုးရွားနေသည်။ ထိုသို့ဖြစ်ပွားရခြင်းသည် ယင်းဒေသရှိ ပြည်သူများနှင့် တာဝန်ရှိသူများ ပေါ့လျော့စွာ ပြုမူနေထိုင်သောကြောင့် ဖြစ်ရသည်ဟု သိရသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစေသည့် SAR-CoV-2 ကိုရိုနာ ဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်ပိုးများ၏ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်နိုင်သည်။ ယခုလက်ရှိ မျိုးဗီဇပြောင်းလဲရာတွင် ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ သစ်များကြောင့် ကမ္ဘာ့နိုင်ငံများသို့ အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိပြီး ကူးစက်မှုအထူး များပြားနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းရှိ SAR-Cov-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများဖြစ်ကာ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ် လာနိုင်သည်ကို အထူးစောင့်ကြပ်ကြည့်ရှု သတိမူနေကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တဖြည်းဖြည်းကျဆင်း လာသည်ကို တွေ့ရမည် ဖြစ်သည်။ ပြည်သူများ အသိတရားဖြင့် လိုက်နာဆောင်ရွက်မှုနှင့်အတူ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်သည့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စတင်သည့် အဝါရောင်လှုပ်ရှားမှု တို့ကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်သည့် အကျိုးဆက်များကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းလာသည်ဟု ဆိုနိုင်သည်။ ဆက်လက်၍ မိသားစုအချင်းချင်း၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း “တစ်ဦး ကိုတစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းစီမံချက်” ကို စတင်လုပ်ဆောင် နေပြီဖြစ်၍ ရောဂါဖြစ်ပွားမှု ဆက်လက်ကျဆင်းလာနိုင်ပါသည်။
မြန်မာနိုင်ငံသည်ဖွံ့ဖြိုးစနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်နောက်ဆက်တွဲ စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှား တွန်းလှန်ကာကွယ် နေရသည်။ လက်ရှိတွင် ရောဂါ ဖြစ်ပွားမှု ကျဆင်းလာသောကြောင့် နိုင်နိုင်နင်းနင်း ကာကွယ်ထိန်းချုပ်ကုသနိုင်ပြီး အခြေအနေ ကောင်းတစ်ခု ရရှိလာခြင်းသည် တာဝန်ရှိသူများရော ပြည်သူများပါ မပေါ့မလျော့ ပြုမူလုပ်ကိုင် ဆောင်ရွက်ကြသောကြောင့် ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါလျော့နည်း ကျဆင်း လာသည်ကို အကြောင်းပြု၍ လျှော့တွက်ပြီး ပေါ့ပေါ့ဆဆမနေမိဖို့ လိုအပ်ပါသည်။ နိုင်ငံအခြေအနေအရ ရောဂါဖြစ်ပွားမှုများပြီး မနိုင်မနင်း ၂ ဖြစ်ပါက ကိုဗစ်-၁၉ အား မကျော်လွှားနိုင်တော့မည်ကို သတိချပ်ရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် အခြားရောဂါများနှင့်မတူဘဲ အဆုတ်ကိုသာမက ခန္ဓာကိုယ်တွင်း အင်္ဂါများ၏ စနစ်မျိုးစုံကို ထိခိုက်ပျက်စီးစေသော ရောဂါဖြစ်သည်။ ရောဂါပိုးတွေ့ရှိ၍ ကုသမှုပေးရာတွင် ဆေးပညာဘာသာရပ်မျိုးစုံမှ ဆရာဝန်များ၊ ပညာရှင်များနှင့် သူနာပြုများ စုစည်းပူးပေါင်း ဆက်စပ်ကုသမှုပေးရသော ရောဂါဖြစ်သည့်အပြင် ရေရှည်တွင်လည်း နောက်ဆက်တွဲ ဆိုးကျိုးရှိသဖြင့် ရောဂါဖြစ်လျှင် ကြောက်စရာမလိုပါဟု ပေါ့ပေါ့မတွေးမိဖို့ လိုမည်ဖြစ်သည်။ ကိုဗစ်-၁၉ SAR-Cov-2 ဗိုင်းရပ်စ်ပိုး ဆိုးဆိုးရွားရွားဖြစ်လျှင် ရောဂါ ဖြစ်စဉ်နှင့် နောက်ဆက်တွဲဖြစ်စဉ်တို့အား အန်တုနိုင်ရန် မလွယ်ကူသည်ကို သတိပြုရမည် ဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလာသည် ဆိုသော်လည်း နိုင်ငံတကာတွင် ခေါင်းထောင်ဖြစ်ပွားနေသော ဖြစ်စဉ်များ၏ အချက်ပေး ခေါင်းလောင်းထိုး သတိပေးမှုများအား ဆင်ခြင်သုံးသပ်၍ ရောဂါကာကွယ်ရေးကို အစဉ်သတိပြု လိုက်နာဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။