Skip to main content

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် ကမ်းခြေပတ်လမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်


ပုသိမ် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကမ်းရိုးတန်း အတိုင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့နယ်အထိကို ကမ်းခြေပတ်လမ်း ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်အပိုင်း၌ လမ်းအရှည် ၈၆ မိုင် ၂ ဒသမ ၅ ဖာလုံနှင့် ရခိုင်ပြည်နယ်ဘက် အပိုင်း၌ လမ်းအရှည် ၁၀ မိုင် သုံးဖာလုံဖြင့် စုစုပေါင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံရှည်လျားသောလမ်းအား ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ ကမ်းခြေပတ်လမ်းစီမံကိန်းအတွင်း ချောင်းသာနှင့်ဂွ လမ်းပိုင်းမှာ လမ်းအရှည် ၅၅ မိုင် ၃ ဒသမ ၅ ဖာလုံရှည်လျားပြီး အဆိုပါ ချောင်းသာနှင့် ဂွလမ်းပိုင်းအတွင်းရှိ လမ်းအရှည် ၁၈ မိုင်ရှည် လျားသော သဘော့ကန်(ကျွန်းချောင်း)-ဘောမိအပိုင်းမှာ မော်တော်ယာဉ်များသွားလာ၍ မရသေးသောကြောင့် မြေသားလမ်းဖြစ်စေရန်အတွက် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ မတ်လကုန်ပိုင်း၌ ဆောင်ရွက်ပြီးစီး စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ သဘော့ကန်(ကျွန်းချောင်း) - ဘောမိအပိုင်း မြေသားလမ်းအဖြစ် ဆောင်ရွက်ပြီးစီးသွားပါက ချောင်းသာမှ ဂွအထိ မော်တော်ကားလမ်းတစ်ဆက် တည်း ဖြစ်သွားမည်ဖြစ်ရာ ယင်းအပိုင်းအတွင်းရှိ အရှည်ပေ ၁၅၀၀ ရှိသော ကျွန်းချောင်းတံတားနှင့် အရှည်ပေ ၂၂၀၀ ရှိသော ဘောမိတံတားတို့တည်ဆောက် ရေးအတွက်ပါ ဆက်လက်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦး စီးဌာနမှ မတ်လကုန်ပိုင်း၌ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကမ်းခြေတစ်လျှောက်၌ လက်ရှိကမ်းခြေနေရာများထက် ပိုမိုလှပ သော ကမ်းခြေနေရာသစ်များ ဖော်ထုတ် လာနိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက် ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပင်လယ်ထွက်ကုန်ပစ္စည်းများမှ တန်ဖိုးမြင့်ရေထွက်ထုတ်ကုန် ပစ္စည်းများထုတ်လုပ်သော စက်ရုံများနှင့် တိရစ္ဆာန်အစာထုတ်လုပ်သော စက်ရုံများအပါအဝင် အခြားစက်မှုလုပ်ငန်းများအတွက်ပါ စက်မှုဇုန်များပေါ်ထွက် လာနိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သော အဆိုပါကမ်းခြေပတ်လမ်း စီမံကိန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက် လာမည် ဖြစ်ကြောင်း သိရသည်။

ပွင့်သစ္စာ