ဟားခါး ဇန်နဝါရီ ၁၂
ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြသည့် ကော်မတီအသီးသီးတွင် ပါဝင်ကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း(COVID-19) ရောဂါပိုးတွေ့ရှိမှု ပိုမိုလာသည့် အတွက် ဆက်လက် အရှိန်အဟုန်အမြှင့် ဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ထုတ်ပြန်ကြေညာချက်များကို ပြည်သူများ အထူးဂရုပြု လိုက်နာပေးကြရန် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က (COVID-19)ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် လုံခြုံရေးကော်မတီအတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက (COVID-19)ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ချင်းပြည်နယ်အတွင်း နယ်စပ်ဂိတ် အဝင်အထွက်များ၊ မြို့နယ်များအတွင်း မြို့ဝင်၊မြို့ထွက် ဆောင်ရွက်ထားမှုအခြေနေများကို လည်းကောင်း၊ ကျန်းမာရေးနှင့် Volunteer ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ချင်းပြည်နယ်အတွင်း (COVID-19) ရောဂါပိုးတွေ့ရှိမှု အခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို လည်းကောင်း၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က (COVID-19) ရောဂါဖြစ်ပွားသည့် ကာလအတွင်း (COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကိုလည်းကောင်း၊ ဟားခါးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဟားခါး G.T.I ကျောင်းအုပ်ကြီးတို့က ဟားခါးမြို့၌ Facility Quarantine Center ထားရှိမည့် နေရာများကို လည်းကောင်း၊ သက်ဆိုင်ရာကော်မတီအသီးသီးမှ ရှင်းလင်းဆွေးနွေးကြပြီး ရှင်းလင်းဆွေးနွေး ချက်များအပေါ် ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြေင်း သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)