Skip to main content

တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ၏ အကြံပြုချက် များ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ  

 

နေပြည်တော် ဇန်နဝါရီ ၉

 

တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ၏ အကြံပြု ချက်များ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့သော ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၃၆ ဖြင့် တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ တောင်သူ လယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ မူကြမ်း အပေါ် ဌာနများ၏ အကြံပြု ချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပြီး တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ဦးတည် ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့် သည့် အစိတ်အပိုင်းများ ကိုလည်းကောင်း၊ တောင်သူလယ်သမားအဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်း ရေး၊ အဆိုပါ အဖွဲ့အစည်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဆိုင်ရာများ၊ ထိန်းကျောင်း ကြပ်မတ် ပေးမည့် အဖွဲ့အစည်းတစ်ရပ် သတ်မှတ်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက ဖြည့်စွက် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 (သတင်းစဉ်)