နေပြည်တော် ဇန်နဝါရီ ၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ရန်ပုံ ငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့်ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ နှင့်ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီဉက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ ဒုတိယဉက္ကဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်းကော်မတီ(၂)ခုမှ အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ “အမျိုး သားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ”ကို ၂၀၁၅ ခုနှစ်တွင် စတင် ထူထောင် ထားပြီး ထူထောင်စဉ်က ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများနှင့် စတင် ထူထောင် ခြင်းဖြစ်ကြောင်း၊ အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ မြန်မာကျပ်ငွေဘီလီယံ (၂၀) ကို နှစ်စဉ်ခွဲဝေပေးခဲ့သည့် အတွက် သဘာဝဘေးစီမံ ခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုထိရောက် လျင်မြန်စွာဆောင်ရွက်နိုင်ရန် အထောက်အကူကောင်း တစ်ခု ဖြစ်ခဲ့ကြောင်း၊ ရန်ပုံငွေကို စနစ်တ ကျအလေအလွင့်မရှိ စီမံဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းကို ၂၀၁၇ ခုနှစ်၌ ထပ်မံ ပြင်ဆင်ရေးဆွဲခဲ့ကာ စည်းမျဉ်းများနှင့်အညီ ရန်ပုံငွေ များ စနစ်တကျစီမံဆောင် ရွက်လျက်ရှိ ကြောင်း။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မမျှော်လင့်သော ဘေးအန္တရာယ်များ ကျရောက် နိုင်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်ပြင် ဆင်ရေး လုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလုပ်ငန်း များသည် ငွေကြေးရင်းနှီးမြှုပ်နှံဆောင်ရွက်ရသည့် လုပ်ငန်းများလည်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ အမှန် တကယ်လိုအပ်ပြီး လုပ်ငန်းလိုအပ်ချက်များကို ဦးစားပေးအလိုက်ရွေးချယ်ပြီး ထိရောက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ရန်ပုံငွေသုံးစွဲမှု၊ လုပ်ငန်း ဆောင်ရွက်မှုများကိုလည်း အမျိုးသားကော်မတီသို့ စနစ်တကျ ပြန်လည်တင်ပြပေးရန် လိုကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ပြည်နယ်များအနေဖြင့် သဘာဝဘေး ကြိုတင် ပြင်ဆင်ရေး၊ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် နှစ်စဉ်တင်ပြ တောင်းခံ သည့် ဘတ်ဂျက်ရန်ပုံငွေ၌လည်း လိုအပ်သော လုပ်ငန်းစီမံချက်များ ရေးဆွဲလျာထား ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များသို့ နှစ်စဉ်ခွဲဝေပေးထားသည့် အရေးပေါ်ရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့မှလည်း သုံးစွဲဆောင်ရွက်သွားနိုင်ရန် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေများနှင့်မလုံလောက်ပါက အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခွင့်ရရှိရေး တင်ပြတောင်းခံသွားရန် လိုအပ် ကြောင်း၊ အမျိုးသား ကော်မတီ၏ မူဝါဒများ၊လမ်းညွှန်ချက်များကို ထိရောက်စွာ အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အထိရောက်ဆုံးဖြစ်စေမည့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာ ကွယ်လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ငွေကြေးသုံးစွဲ မှုများ ထိရောက်အကျိုးရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ပြည်နယ်များအလိုက် Master Plan များရေးဆွဲထားရန်နှင့် (၁)နှစ်စီမံချက်၊ နှစ်ရှည်စီမံချက် များရေးဆွဲ၍ လုပ်ငန်းများ ကြိုတင် လျာထားပြီး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် ကိစ္စရပ်များကို အကြံပြုဆွေးနွေးပေး ကြစေလို ကြောင်းပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက သဘာဝဘေး အန္တရာယ်စီမံ ခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေ ခွဲဝေခွင့်ပြုမှုအခြေအနေ၊ အရေးပေါ်ရန်ပုံငွေ နှင့်ပတ်သက်၍ သုံးစွဲနိုင်မှု ၊ Southeast Asia Disaster Risk Insurance Facility- SEADRIF ရန်ပုံငွေထူထောင် ဆောင်ရွက်မှုများနှင့် ရန်ပုံငွေများ သုံးစွဲရာတွင် ဥပဒေစည်းမျဉ်း စည်းကမ်း များ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ သုံးစွဲရေး၊ စာရင်းစစ် စစ်ဆေးခံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ(၂)ခု၏ အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ကော်မတီများဖွဲ့စည်းဆောင်ရွက်မှု၊ အစည်း အဝေးများ ကျင်းပဆောင်ရွက်မှု၊ လုပ်ငန်းကော်မတီ(၂)ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေရရှိ၊ သုံးစွဲမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေး သည်။
ယင်းနောက် လုပ်ငန်းကော်မတီ(၂)ခု၏ အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးများ၊ ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များက ဘေးဖြစ်ပွားမှုအခြေအနေများ၊ ရေကြီးရေလျှံမှုများ၊ ကမ်းပြိုကာကွယ်ရေး၊ နယ်စပ် မြစ်ချောင်းများ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောသစ်ပင် စိုက်ပျိုးရေး၊ ရေရှားပါးမှု တို့အတွက် ဆောင်ရွက်မှုအခြေအနေများ၊ Cyclone Shelterများ လိုအပ်မှုအခြေအနေ၊ အရေးပေါ် တုံ့ပြန် ရေးလုပ်ငန်းများအတွက် ရှာဖွေကယ်ဆယ်ရေးနှင့် အခြားပစ္စည်းကိရိယာများ အသုံးပြုမှုနှင့် လိုအပ်မှုအခြေအနေများ၊ IDP များနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေ များနှင့် ရန်ပုံငွေ သုံးစွဲမှု၊ လိုအပ်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင် က တိုင်းဒေသကြီး/ပြည်နယ်များ၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကိစ္စရပ် များ၊ IDP များ၊ တိုက်ပွဲရှောင်များနှင့်ပတ်သက်၍ဆောင်ရွက်ချက်များ၊ သဘာဝဘေးများကြောင့် ဌာနပိုင် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများအတွက် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက် သင့်သည့်လုပ်ငန်းများ၊ ဘတ်ဂျက်လျာထားမှုဆိုင်ရာများ၊ ရေရှားပါးမှု၊ Cyclone Shelter တည်ဆောက်မှုဆိုင်ရာများနှင့် ရန်ပုံငွေသုံးစွဲမှုဆိုင်ရာများကို ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပြန်လည်ရှင်းလင်းပြီး ဆုံးဖြတ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်သော ဆုံးရှုံးနိုင်ခြေမြင့်မားသည့် ဘေးအန္တရာယ် ဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သောနည်းပညာများဆန်းသစ်တီထွင်အသုံးပြုခြင်း၊ ပညာရှင်များ ၏ အတွေ့အကြုံများကိုအခြေခံသည့် အကြံဉာဏ်များကိုရယူခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေအရ မဟာဗျူဟာ၊ စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ခြင်းနှင့် ထိရောက်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် စံလုပ်ငန်းလမ်းညွှန်များဖြင့် အစိုးရ၏အကန့်အသတ်ရှိသော ဘဏ္ဍာ ရန်ပုံငွေများကို အလေအလွင့် မရှိအောင် စနစ်တကျစီမံခန့်ခွဲသုံးစွဲခြင်းတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေး ကြရန်ဖြစ် ကြောင်း၊ ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများနှင့် ပြည်သူများ အချိတ်အဆက်မိမိ ဆောင်ရွက်ကြရန်နှင့် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါ ရန်တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)