နေပြည်တော် ဇန်နဝါရီ ၈
အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်များ ရေးဆွဲခြင်းအပေါ် သုံးသပ်တင်ပြခြင်း အစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် (အားကစား) ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ အားကစား နှင့်ကာယပညာ သိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယခုကျင်းပသည့် အစည်း အဝေးသည် အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅)နှစ် အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်များကို ဌာနခွဲများ၊ အားကစားသိပ္ပံကျောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တင်ပြမှုများကို ပြန်လည်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သုံးသပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် နိုင်ငံအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံတင်ပြလိုပါက ဖြည့်စွက်တင်ပြနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးတို့က ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
ယင်းနောက် စီမံချက်အသီးသီး၏ ဆွေးနွေးတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဆွေးနွေးသုံးသပ်ပြောကြားရာတွင် ဝန်ထမ်း ရေးရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံတိုးချဲ့မှု ပြင်ဆင်ရေး ကိစ္စရပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီး (၄) ခုတွင် ဝန်ထမ်းဖွဲ့စည်းပုံ တိုးမြှင့်ဖွဲ့စည်း နိုင်ရေး ကိစ္စရပ်များ၊ ဟားခါး၊ စစ်တွေ သိပ္ပံကျောင်းများတွင် ဝန်ထမ်းတိုးမြှင့်ခန့်အပ်နိုင်ရေး ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြက်ဖြတ်စက်တောင်းခံထားရှိမှု အခြေအနေ များ၊ အားကစား ကွင်း/ရုံများ ပြုပြင်ထိန်းသိမ်းမှု အခြေအနေ၊ သဘာဝ ဘေးဒဏ်ကျရောက်မှု၊ ပြုပြင်ထိန်းသိမ်းမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ကွင်း/ရုံများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ဘောလုံး ကွင်း၊ အားကစားရုံ လိုအပ်မှု အခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ထပ်မံတည်ဆောက်ရန် လိုအပ်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရေကူးကန် ထပ်မံ တည်ဆောက် ရန် လိုအပ်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ဌာနခွဲများ၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများအလိုက် အားကစားလှုပ်ရှားမှု မြင့်မားစွာ ဆောင်ရွက်နိုင်ရေး၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင် အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများ၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ နိုင်စေရေးကိစ္စရပ်များ၊ အားကစားနှင့် ကာယပညာ ကျောင်းသားအသစ် ရွေးချယ်ရာတွင် ပညာရေးနှင့် အားကစား အခြေခံ ကောင်းမွန်ပြီး ဉာဏ်ရည်မြင့် သင်တန်းသားများ ရွေးချယ်နိုင်ရေးကိစ္စရပ်များ၊ သိပ္ပံ ကျောင်းများ စာသင်ခန်းတိုးချဲ့မှု၊ ကွန်ပျူတာအခန်းထားရှိမှု ကိစ္စရပ်များကို သုံးသပ်ဆွေးနွေး ပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်