Skip to main content

ဗီဇပြောင်းဗိုင်းရပ်စ်ကို သတိပြုတားဆီး

ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲကာလတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းမျိုးသစ်နှစ်မျိုးကို ထပ်မံတွေ့ရှိလာသည်။ ယမန်နှစ် ဒီဇင်ဘာလ ဒုတိယပတ်က ဗြိတိန်တွင် အလွန်ကူးစက်မြန်သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို တွေ့ရှိပြီးနောက် တောင်အာဖရိကတွင်လည်း အလွန်ကူးစက်မြန်သည့် ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ် တစ်မျိုးကို ထပ်မံတွေ့ရှိ ခဲ့ပြန်သည်။

ယခုအခါ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံ၌ ရောဂါပိုးသစ် ကူးစက်ပျံ့နှံ့နေပြီး မြန်မာနိုင်ငံနှင့် ထိစပ်သည့် အိမ်နီးချင်းနိုင်ငံများ သို့လည်း ကူးစက်လာနေပြီဟု သိရသည်။ ထို့ကြောင့် ပြည်တွင်း၌ ဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုမရှိစေရေး ဒေသန္တရအစိုးရများက တင်းတင်း ကျပ်ကျပ် ကာကွယ်တားဆီး ဆောင်ရွက်နေသည်။ အထူးအားဖြင့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများအနက်မှ ရောဂါပိုးတွေ့သူများကို အထူးဂရုစိုက်၍ ကြပ်မတ်ကုသမှုပေးနေပြီး အိမ်နီးချင်းနိုင်ငံများမှ ခိုးဝင်လာမှုမရှိစေရေး ရှာဖွေစစ်ဆေးကာ ဗိုင်းရပ်စ်ပိုးသစ် ပြည်တွင်းသို့ ရောက်မလာအောင် တားဆီးနေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ်နှစ်မျိုး ကူးစက်ခံရသူများအား လေ့လာ ခဲ့ရာတွင် ကူးစက်သည့် ဗိုင်းရပ်စ်အမျိုးအစား ကွဲပြားသော်လည်း အလွန်ကူးစက်မြန်မှုနှင့် ရောဂါလက္ခဏာများအားလုံး တူညီနေသည်ဟုဆိုသည်။ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ်မှာ ကူးစက်မှု နှုန်း အလွန်မြန်ခြင်းသာ ထူးခြားနေသည်။ ယခုအခါ ကာကွယ်ဆေးများ စတင်ဖြန့်ဖြူးနေပြီး နိုင်ငံအချို့တွင် ဆေးစတင်ထိုးနှံမှုများ ပြုလုပ် နေပြီဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ကာကွယ်ဆေးဝယ်ယူရန် စီမံဆောင်ရွက်ထားပြီး ယခုနှစ်အတွင်း ပြည်သူများ အား ဦးစားပေးအဆင့်အတန်းအလိုက် ထိုးနှံပေးမည် ဖြစ်သည်။

ယခုအခါ ကမ္ဘာတစ်ဝန်း ဖြန့်ချိထိုးနှံပေးနေပြီဖြစ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ဗိုင်းရပ်စ်ပိုးသစ်အပေါ် သက်ရောက်မှုရှိသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ ကူးစက်မြန် ဗိုင်းရပ်စ်ပိုးသစ် နိုင်ငံများ၌ ပျံ့နှံ့မှုဖြစ်နေချိန်တွင် ပြည်ပမှ နိုင်ငံအတွင်း ဝင်ရောက်နေသူများ ရှိနေ၍ အထူးသတိထား ကာကွယ်တားဆီးကြရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံများတွင် ပျံ့နှံ့လျက်ရှိပြီး အလွန်ကူးစက်မှုမြန်သည့် မျိုးဗီဇပြောင်းလဲမှု ရှိသော SARSCoV-2 ရှိသူတစ်ဦးဦး ဝင်ရောက်ခြင်းကို မတားဆီးနိုင်ပါက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ အလျင်အမြန် ပြန်လည်များပြားလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ကျလာနေချိန်တွင် ကူးစက်မြန် ဗိုင်းရပ်စ်ပိုးသစ်အန္တရာယ်ရှိလာသောကြောင့် လုံးဝ(လုံးဝ) ပေါ့ဆ၍မရသော အချိန်ဖြစ်သည် ကိုလည်း သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများတွင် ရောဂါ လက္ခဏာမပြဘဲရပ်တည်နေသူများမှာ ရာခိုင်နှုန်း ၆၀ မှ ၈၀ အထိရှိနေပြီး ရောဂါအခံ ရှိသူများနှင့် သက်ကြီးရွယ်အိုများ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးမှုမှာ ၈၀ ရာခိုင်နှုန်းအထိ ရှိနေခြင်းတို့ကြောင့် အလွန်ကူးစက်မြန်သည့် ဗိုင်းရပ်စ်ပိုးသစ် မြန်မာပြည်သို့ရောက်ရှိ မလာအောင် ဝိုင်းဝန်း ကာကွယ် တားဆီးကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် လောလောဆယ်တွင် ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားမည့် အနေအထားမရှိဘဲ အချိန်ကာလကြာမြင့်စွာ ရှိနေဦးမည်ဖြစ်ပြီး ကူးစက်မှုပမာဏ အနည်းအများ၊ ရောဂါပြင်းထန်မှု အပြင်း / အပျော့သာ ကွာခြားမှုရှိမည်ဖြစ်ရာ ကိုဗစ်နှင့်အတူ ကာကွယ် တားဆီးခြင်းဖြင့်နေနိုင်ရန် ရရှိထားသော အရှိန်အဟုန်ကိုမလျှော့ဘဲ ဆက်လက်အရှိန်မြှင့် ဆောက်ရွက်ကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို တိတိကျကျ လိုက်နာကြမှသာလျှင် ရောဂါကူးစက်ပျံ့နှံ့မှု နှေးကွေးသွားပြီး လက်ခံနိုင်သော အဆင့်တစ်ခုသို့ ရောက်မှသာ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်မည် ဟူသောအချက်ကို သတိချပ်ရ မည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် ရောဂါပိုးရှိသူတစ်ဦးမှ ပြည်သူအများသို့ ကူးစက်နိုင်သည့် အတွက် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာနေသည့် အချိန်တွင် ကူးစက်မြန်ဗိုင်းရပ်စ်ပိုးသစ် မြန်မာပြည်အတွင်း ရောက်ရှိမလာစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများကို ပြည်သူ တိုင်း အလေးထားလိုက်နာပြီး ပတ်ဝန်းကျင်တွင် ရောဂါအန္တရာယ်နှင့် မသင်္ကာ ဖွယ်ရာများတွေ့ရှိရပါက သတင်းပေးပို့ကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါကြောင်း။ ။