Skip to main content

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၈

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Virtual meeting အဖြစ် ကျင်းပသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်‌အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ ရခိုင် ပြည်နယ်စိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်‌အေးက ယနေ့ညှိနှိုင်းဆွေးနွေးပွဲ သည် ရခိုင်ပြည်နယ်အတွက် အထူးအရေးပါပြီး အလိုအပ်ဆုံးဖြစ်နေသည့် အရာများထဲက တစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကာလကြာရှည်စွာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြပ်အတည်း၊ လူ့အခွင့်အရေး အကြပ်အတည်း၊ လုံခြုံရေးအကြပ်အတည်းဆိုသည့် အကြပ်အတည်း (၃)ခု ကြုံတွေ့နေရပါကြောင်း၊ ယင်းအကြပ်အတည်း များကို ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာထဲမှ ဒေသအတွင်း နေထိုင်သူအားလုံး၏ အသိဉာဏ်ပညာ ဝေဖန်ပိုင်းခြားနိုင်မှု၊ မှန်ကန်စွာ သုံးသပ် နိုင်မှု၊ ကြောင်းကျိုးဆင်ခြင်နိုင်မှု မြင့်မားတိုးတက်ရေးသည် အဓိကကျပါကြောင်း၊ ထိုအရာများ မြင့်မားတိုးတက်နိုင်ရန် ပညာတတ်များရန် ပညာရည်တိုးတက်မှုနှုန်း မြင့်မားရန် လိုအပ်ပါ ကြောင်း၊ ပညာရည်မြင့်မားမှ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ၊ စီးပွားရေးကဏ္ဍများ၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုများ မြင့်တက်လာကာ လူမှုစီးပွားဘဝများ ပြောင်းလဲလာပြီး တွေ့ကြုံနေရ သည့် အကြပ်အတည်းများကို လျော့နည်း လာစေမည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေး စီမံကိန်း (မူကြမ်း) သည် ထူးခြားသော အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက ရခိုင်ပြည်နယ် အစိုးရ နှင့် နီးကပ်စွာညှိနှိုင်းပူးပေါင်းပြီး အကြံပြုချက်ပါလုပ်ငန်းများကို ကဏ္ဍများအလိုက် ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေကြ သည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ အကြံပြုချက်များတွင် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြံ ပြုချက် (၅) ချက်ရှိသည့်အနက် အကြံပြုချက် အမှတ်စဉ်(၃၄)တွင်ပါသော အစိုးရသည် ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍ အထူးမြင့်မား တိုးတက်စေရန် စီမံချက်တစ်ရပ်ကို ပြည်နယ်အတွင်းနေထိုင်သူအားလုံး တူညီသော ပညာသင်ကြားခွင့်ရရှိရေး၊ ပညာရေးဂုဏ်မြင့်မားရေး၊ စာသင်ကျောင်း များနှင့် သင်ထောက်ကူပစ္စည်းများ တိုးတက်ကောင်းမွန် လာစေရေးစသည့် အချက်များကို အခြေခံပြီး ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားကာ စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တိုက်တွန်းထား သည်များ ရှိပါကြောင်း။

ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းဆိုသည့် အတားအဆီးတံခါးကို ဖွင့်နိုင်မည့် သော့ဖြစ်ပါကြောင်း၊ လူတိုင်းလက်လှမ်းမီပြီး ဖွံ့ဖြိုးမှုနောက်ကျခြင်း တံခါးမှနေ လူတိုင်းဖွင့် ထွက်နိုင်ရန်လိုပါကြောင်း၊ ပညာရည်မြင့်မားလာခြင်းကြောင့် ပြဿနာအပေါ် ချဉ်းကပ်မှုပုံစံများ လည်း ပြောင်းသွားနိုင်ပြီး ဖြေရှင်းဆောင်ရွက်နည်း အမျိုးမျိုးတို့မှတဆင့် ပဋိပက္ခများကို ရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ် ကြရင်းဖြင့် ထာဝရငြိမ်းချမ်းရေး လမ်းစပေါ် ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။

ယနေ့ ဆွေးနွေးမည့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (Comprehensive Education Plan for Rakhine State - CEPR) (မူကြမ်း)သည် ကိုဖီအာနန် ၏ အကြံပြုချက်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (The Independent Commission of Enquiry - ICOE) ၏ အကြံပြုချက်များတွင် ပါဝင်သည့် ပညာရေးနှင့်လူမှု စီးပွားဘဝဖွံ့ဖြိုးမှု ချိတ်ဆက် နေရေးအတွက် အထူးအလေးထား အကောင် အထည်ဖော်ရန် လိုအပ်သည့် သဘောတရားများ ကို အခြေခံထားသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ် ရုံး၊ အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (AHA Centre)တို့ ပူးပေါင်းပြီး ပြန်လည်လက်ခံရေး ကိစ္စရပ် များနှင့်ပတ်သက်ပြီး ဖော်ထုတ်ထားသော ကနဦး လေ့လာဆန်းစစ်ချက် အစီရင်ခံစာ Preliminary Needs Assessment (PNA) တွင်လည်း ထိုအချက်ကို အထူးပြုဖော်ပြထားပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရန် ပညာရေးက အဓိကအကြောင်းအချက် ဖြစ်သည့်အတွက် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်းက အရေးကြီးပါကြောင်း။

ရခိုင်ဒေသတွင် နေထိုင်သူများ ပညာရည်မြင့်မားလာပြီဆိုပါက နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စရပ်နှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေပြီး လွတ်လပ်စွာသွားလာခွင့်နှင့် လူမှုသဟဇာတဖြစ်ရေးတို့ကို ဆက်လက် တိုးတက်စေ မည်ဖြစ်ပါကြောင်း၊ လူမှုသဟဇာတဖြစ်မှု တိုးတက်လာပြီဆိုလျှင် လုံခြုံရေးကဏ္ဍများ၊ ကျန်းမာရေးကဏ္ဍများပါ တိုးတက်လာပြီး ရခိုင် ပြည်နယ်၏ ကြုံတွေ့နေရသော အကြပ်အတည်းများ တဖြည်းဖြည်းလျော့ပါးလာကာ ဒေသ၏တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တဟုန်ထိုး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) အကြောင်းကို အလွှာ အသီးသီးက သိရှိနားလည်ထောက်ခံရေး၊ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ နောက်ဆုံး အခြေအနေများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ပူးပေါင်း ဆောင်ရွက်မှု များကို ဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရခိုင် ပြည်နယ်တွင် မစ္စတာကိုဖီအာနန် ဦးဆောင်သော အကြံပေးအဖွဲ့၏ အစီရင်ခံစာအရ ရခိုင် ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) ကို ပြုစုလျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်း (မူကြမ်း) တွင် အဓိကဆောင်ရွက်မည့် နယ်ပယ် ၅ ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိပါကြောင်း၊ အဆိုပါဆောင်ရွက်မည့် နယ်ပယ်(၅)ခုမှာ ကျန်းမာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေး ကောင်းမွန်သောပညာရေး၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ လူတိုင်း အကျုံးဝင် အတူတကွ သင်ယူနိုင်သော ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာ သင်တန်း (TVET) နှင့် တစ်သက်တာလေ့လာသင်ယူမှု အပါအဝင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုကို အလေးထားသောပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခွင့်အလမ်း များရရှိရေး၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများတို့၏ စွမ်းဆောင် ရည်ကိုဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် လေ့လာသင်ယူမှုကို ဖြစ်ထွန်းစေရေးတို့ ဖြစ်ပါကြောင်း။ 

ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁)အရ ပညာရေး ကဏ္ဍတွင် လိုအပ်ချက်များကို ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူမှု သဟဇာတဖြစ်မှုကို ပိုမိုအားကောင်းစေရေးအတွက် အတူသင်စီမံချက်ကို အတူတကွ ကျောင်းသွားခြင်း၊ အတူစာဖတ်ခြင်း (Reading together)၊ အတူတကွကစားခြင်း၊ ကျောင်း တွင်း ‌ရေနှင့် သန့်ရှင်းရေးကဏ္ဍကိုအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆရာ၊ ဆရာမများ ကိုအတူတကွ ထောက်ပံ့ပေးခြင်းစသော အဓိကအစီအစဉ် ၅ ရပ်ဖြင့် ဆောင်ရွက်အကောင် အထည်ဖော် လျက်ရှိပါကြောင်း၊ ယနေ့အ စည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ‌၊ အဆင့်မြင့်ပညာနှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို စိစစ်အကဲဖြတ်ပြီး ထောက်ပံ့ပေးနိုင်ရေးအတွက် ရခိုင် ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) နှင့် ချိတ်ဆက်ကာ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း၊ ဆက်လက်၍ လည်း ရခိုင်ပြည်နယ်အကြံပေးအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်နှင့်အညီ ကျန်း မာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်အကောင် အထည်ဖော် နိုင်ရေးအတွက်  ပူးပေါင်းညှိနှိုင်းဆွေးနွေး အကြံပြုချက်များ ရယူပြီးဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေး သွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် လိုအပ်ချက် စစ်ဆေး အကဲဖြတ်ချက်များနှင့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) နှင့် ဆက်စပ်ပံ့ပိုးဆောင်ရွက် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က နိဂုံးချုပ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)