နေပြည်တော် ဇန်နဝါရီ ၆
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး များ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် တာဝန်ရှိသူ များက အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။
ပေါင်းစပ်ဆောင်ရွက်လျက်ရှိ
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီရဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ရေးဆွဲထားပါကြောင်း၊ စီမံကိန်းပါ လုပ်ငန်း နယ်ပယ်(၁၂)ရပ်ကို သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း။
မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) တွင် ပညာရေးနှင့် ပတ်သက်၍ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ပညာရေးလေ့ကျင့်သင်ကြားရေး ဆိုသည့် လုပ်ငန်းနယ်ပယ်နှစ်ခုကို ထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အရည်အသွေးပြည့်မီ သော ကျောင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေးတို့ကို အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ရရှိနိုင်စေသည့် စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမို အားကောင်းလာစေရေးကို အဓိကဦးတည်၍ ရေးဆွဲထား ခြင်းဖြစ်ပါကြောင်း။
အကျိုးခံစားခွင့် ညီမျှစွာရရှိစေရေး
ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခန်းကဏ္ဍများတွင် ကျား၊ မ ကွာဟချက်ကို လျော့နည်းစေရန်လည်း ဆောင် ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်တွင် ကဏ္ဍစုံမှာ ကျား၊ မရေးရာ ထည့်သွင်းဆောင်ရွက် ခြင်း နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့လုပ်ဆောင် ခြင်းသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှာ အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအား အကျိုးခံစားခွင့်ညီမျှစွာ ရရှိ စေရေးကို ပံ့ပိုးပေးသည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် လက်ရှိအထိ အဖွဲ့ဝင် (၁၁) ဖွဲ့ပါရှိပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ် များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်း ရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်နှင့် ဝိသာခါဖောင်ဒေးရှင်း တို့ ဖြစ်ကြပါကြောင်း။
အမျိုးသမီး အဖွဲ့အစည်းအသီးသီးဟာ နယ်ပယ် အသီးသီးတွင် အမျိုးသမီးများအတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ဘဝတစ်သက်တာ ကျန်းမာစွာ နေထိုင်မှုပုံစံရရှိခြင်းနှင့် မျိုးဆက်ပွားကျန်းမာရေး ပညာပေး ခြင်းနှင့် လိုအပ်သောပံ့ပိုးကူညီခြင်း စသည့် ကဏ္ဍများတွင် လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြပါကြောင်း၊ အမျိုးသမီးကော်မတီအသီးသီး၏ ကဏ္ဍအလိုက် ဦးစားပေး ဆောင်ရွက်ချက်များကို ပညာရေးဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်မှုများတွင် ချိတ်ဆက်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။
အကျိုးပြုမည့် စီမံကိန်းတစ်ခု
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁ - ၂၀၃၀) တွင် အသက်အရွယ်အလိုက် ကလေးများအားလုံး ပညာသင်ခွင့် အခွင့်အလမ်းများရရှိစေရေး၊ ထိခိုက် လွယ်သောအုပ်စုတွင် ပါဝင်သည့် မသန်စွမ်းကလေးများရဲ့ ပညာရေး၊ အလားတူရွှေ့ပြောင်းကလေးများနှင့် လမ်းပေါ် နေကလေးများအတွက် အသက်မွေးဝမ်းကျောင်းမှုသင်တန်း များ ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့တာဝန်များ ပခုံးပြောင်းလက်လွှဲ ယူမည့် လူငယ်များအတွက် ပညာရေးနယ်ပယ်သာမက အသက်မွေးဝမ်းကျောင်းမှုပညာရပ်များပါ ထည့်သွင်းထားရှိရေးနည်းဗျူဟာများကို ထည့်သွင်းရေးဆွဲမည် ဖြစ်သည့် အတွက် နိုင်ငံ့အနာဂတ်အတွက် များစွာအကျိုးပြုမည့် စီမံကိန်းတစ်ခုဖြစ်ပေါ်လာမည်ဟု ယုံကြည်မိပါကြောင်း။
ထို့ကြောင့် ယနေ့အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခွင့် ရရှိခြင်းသည် သင်ယူနိုင်စွမ်းအမြင့်မားဆုံး အခြေအနေ ရောက်ရှိစေရန် ရှေးဦးအရွယ် ကလေးသူငယ်ဘဝကပင် စတင်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးငယ်ရွယ်သူများ၊ အမျိုးသမီးများ၏ ဘဝတစ်သက်တာ အသက်မွေးမှုဆိုင်ရာ ပညာရပ်များ လေ့လာဆည်းပူးခွင့်ရရှိနိုင်ရေး မိမိတို့ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းဝင်များက ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများရရှိခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ ဖော်ဆောင်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင် ရွက်မှုဖြစ်ပါကြောင်းနှင့် ရလဒ်ကောင်းများရရှိစေရန် ကြိုးပမ်းကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် သင်ယူခြင်း သည် တန်ဖိုးမဖြတ်နိုင်သော အနန္တရတနာသိုက် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပညာအရည်အချင်း မူဘောင် (National Qualification Framework - NQF) သည် တစ်သက်တာသင်ယူမှုအတွက် အရေးကြီးပါ ကြောင်း၊ မူလတန်းသင်ယူပြီးမြောက်လျှင် Level– 1 ဖြစ်ပါကြောင်း၊ အလယ်တန်း သင်ယူပြီးမြောက်လျှင် Level–2 ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီးမြောက် လျှင် Level–3 ဖြစ်ပါကြောင်း၊ Level–4 သည် Short Cycle တစ်နှစ်အထိ သင်တန်းလေးများဖြစ်ပြီး တက္ကသိုလ် တိုက်ရိုက်တက်၍ မရသော်လည်း Level – 5 ကို သွားလို့ ရပါကြောင်း၊ Level – 5 သည် တစ်နှစ်ကနေ နှစ်နှစ်အထိ ရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာသင်တန်းများဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက Level - 6 သို့ ဆက်လက်ကူးပြောင်းသင်ယူလို့ ရပါ ကြောင်း၊ Level–6 သည် Bachelor Degree ဖြစ်ပြီး Level– 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ကျော်ပြီး Level – 6 သို့ တိုက်ရိုက်တက်ရောက် ပညာသင်ယူနိုင်ရန်မှာ အင်္ဂလန် တွင် GCE- A စာမေးပွဲ၊ အမေရိကန်တွင် SAT စာမေးပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင်စာမေးပွဲ၊ ဂျပန် တွင် National Examination ကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Matriculation Examination) သည် Level – 3 မှ Level – 6 တက္ကသိုလ်သို့ တိုက်ရိုက် ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူအားလုံး အတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါ ကြောင်း၊ Level – 7 သည် မဟာဘွဲ့ဖြစ်ပြီး Level – 8 သည် ပါရဂူဘွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေးအဆင့်အပေါ် မူတည် ပြီး Level အဆင့် သတ်မှတ်ချက်မတူညီသဖြင့် ဂုဏ်သိက္ခာ ရှိသော ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရန်အတွက် Level သတ်မှတ်ချက်များ၊ Credit Transfer System, Quality Assurance and Accreditation သတ်မှတ်ချက် များနှင့်အညီ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း။
ပူးပေါင်းဆောင်ရွက်ရန် အရေးကြီး
ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးရှိသော ပညာ ရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရပါကြောင်း၊ နိုင်ငံတော်ကလည်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးနေသည့်အတွက် မည်သည့်ပေးခြင်း ယူခြင်းမျှ လုံးဝခွင့်မပြုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့ များ၊ ချေးငွေများကို အလေအလွင့်မရှိစေဘဲ အကျိုးရှိ ထိရောက် ပွင့်လင်းမြင်သာစွာ အသုံးပြု၍ ဆရာအရည် အသွေးမူဘောင် (Teacher Competency Framework) နှင့်အညီ အရည်အချင်းပြည့်ဝသည့် ဆရာများခန့်ထားရန် နှင့် Reskilling ၊ Upskilling ၊ Continuous Professional Development အခွင့်အလမ်းများဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရန်၊ တိုင်းရင်းသားဒေသများ ဦးစားပေး၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အထောက်အကူပြု ရန်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်း ရန်၊ ဒေသအကျိုးပြု၊ ပြည်ထောင်စုအကျိုးပြုသည့် နည်းပညာနှင့် သက်မွေးသင်တန်းများ၊ ဘွဲ့သင်တန်းများ ဖြည့်ဆည်းရန်၊ နည်းပညာခေတ်နှင့် လိုက်လျောညီထွေ ရှိသည့် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှု နည်းလမ်း များ၊ စစ်ဆေးအကဲဖြတ်မှုများကို အားပေးပံ့ပိုးပေးရန်တို့ အတွက် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပညာရေးကဏ္ဍကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အားပေးပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များ၊ သင်ယူသူများ၊ တိုင်းရင်းသားပြည်သူများ၏ ဆွေးနွေး ချက်များနှင့် အကြံပြုချက်များကိုလည်း တန်ဖိုးထား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
နည်းပညာအသုံးပြုသင်ယူခြင်း (High-Tech Learning) ၊ သင်ကြားပို့ချသူဆရာဖြင့် သင်ယူခြင်း (High-Touch Learning) ၊ ပေါင်းစပ်သင်ကြားသင်ယူခြင်း (Blended Learning) စသည့် နည်းလမ်းများဖြင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူ များကို တစ်သက်တာသင်ယူမှု အခွင့်အလမ်းများရရှိ စေရန်နှင့် ၂၁ ရာစု၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ကို မြှင့်တင်နိုင်ရန် မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ်အပြည့် ဖြင့် လက်တွဲညီညီပူးပေါင်းပြီး စုပေါင်းအင်အားနဲ့ တာဝန်ယူ တာဝန်ခံ၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။
မေးမြန်း၊ ဆွေးနွေး
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက နည်းပညာနှင့် သက်မွေးပညာကဏ္ဍ နှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အဆင့်မြင့် ပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်