ကုန်လွန်ခဲ့သောနှစ် ၂၀၂၀-၂၀၂၁ သည်ကား ကျန်ခဲ့ပြီ။ ကိုဗစ်-၁၉ကပ်ရောဂါနှင့် တည့်တိုးရင်ဆိုင်ခဲ့ကြရသော တစ်နှစ် ကြာ ခရီးတာသည် ခက်ခဲလှသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ကမ္ဘာ ကြီးနှင့်အတူ ကိုဗစ်ရောဂါကို ရင်ဆိုင်ခဲ့ကြရသည် ဟုဆိုနိုင်သော် လည်း၊ ဆင်းရဲချို့တဲ့သော နိုင်ငံ၊ နည်းပညာအတတ်ပညာ အားနည်းသော နိုင်ငံတစ်ခုအနေဖြင့် ဖြတ်သန်းကျော်လွှားရခြင်းဖြစ်သည့် အတွက် ပို၍သတိကြီးကြီး ထားခဲ့ရ၊ ပို၍အင်အား စိုက်ထုတ်ခဲ့ရ သည်ကားအမှန်။
သို့သော်လည်း မိမိတို့နိုင်ငံသည် အခြားနိုင်ငံများကဲ့သို့မဟုတ်ဘဲ အားနည်းချို့ယွင်းချက်များ ရှိနေသည်ကို ကိုယ့်ဘာသာ ကောင်းကောင်း နားလည်ခဲ့ကြသည့်အတွက် ပြည်သူလူထုအများစု က ဝိုင်းဝန်းပူးပေါင်းကြခြင်း၊ တာဝန်ခွဲဝေယူကြခြင်း၊ တတ်နိုင်သည့် နေရာက အားဖြည့်ပေး ကြခြင်းဖြစ်သည်ဟု ယူဆပါသည်။
ချို့ယွင်းချက်များစွာရှိနေသည့် နိုင်ငံဖြစ်သောကြောင့် ပြည်သူတို့သည် ကိုယ့်ကိုယ်ကိုယ် အားကိုး ရမည်ဟူသည့် အသိစိတ်ပိုမို ရှိနေခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့်လည်း ရောဂါကူးစက် ပြန့်ပွားမှုနှင့် တိမ်းပါးပျက်စီးမှု အရေအတွက်သည် ပြည်တွင်းနှင့် နိုင်ငံတကာက အချို့သော သူများ မှန်းဆခဲ့သလို များပြားမြင့်တက် မသွားခြင်း ဖြစ်ပါမည်။
ဤနေရာတွင် ပြည်သူလူထု၏ တာဝန်ခွဲဝေယူမှု၊ အခြေခံ ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာမှု စသည်တို့က အဆိုးရွားဆုံး အခြေအနေကိုရောက်မသွားအောင် ထိန်းပေးခဲ့သည်ဟု ဆိုရပါမည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ ကျန်းမာရေး ဝန်ထမ်းများ အရေအတွက် သည် ပိုးတွေ့လူနာ အရေအတွက်နှင့် ယှဉ်လျှင် ဝန်နှင့်အား မျှတလှသည်မဟုတ်။ လက်ရှိအ လုပ်လုပ် နေကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ လျော့နည်းသွား မည်ဆိုပါက မတွေးဝံ့စရာ။ သူတို့ထူထူမတ်မတ် မဖြစ်ဘူးဆိုလျှင် ရောဂါပိုး ပျံ့နှံ့မှုအောက်တွင် ပြည်သူအများအပြား ခွေယိုင်လဲပြိုသွားနိုင်သည်လေ။ ထို့ကြောင့်လည်း ထိုတာဝန်ကြီးသူ တို့ကို ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးနိုင်ပါစေဟူ၍ ပြည်သူလူထု က ဆုတောင်းနေကြရသည်။
တကယ်တော့ ယခု ခရစ်နှစ် ၂၀၂၁ ခုနှစ်တွင် လူသားတို့သည် အစဉ်အလာမပျက် နှစ်သစ်ကို ကြိုနေသကဲ့သို့ပင် ကိုဗစ်ကာကွယ် ဆေးကို မျှော်တလင့်လင့် ဆုတောင်းကြိုဆိုနေကြပေသည်။ ဘယ်သောခါများ မိမိတို့ ကာကွယ်ဆေး ထိုးနှံရပါမလဲ။ မိမိတို့၏ သက်ကြီးရွယ်အို မိဘဘိုးဘွားများ ဘယ်တော့များ ကာကွယ်ဆေး ထိုးခွင့်ရပါမလဲ။ ယနေ့ မြန်မာနိုင်ငံရှိ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုဌာနများ၊ ဆေးရုံများတွင် အသက်နှင့်ရင်းကာ ရောဂါပိုးနှင့် အနီးကပ် တိုက်ပွဲဝင်နေကြရသော ဆရာဝန်များ၊ သူနာပြုများ ကျန်းမာရေး ဝန်ထမ်းများ ဘယ်တော့ ကာကွယ်ဆေးထိုးနှံကြရပါမလဲ ဟူသည့် မျှော်လင့်ချက် မေးခွန်းများဖြင့် နှစ်သစ်ကို ကြိုနေကြ၏။
ပြည်သူတို့ မျှော်လင့်နေကြသော ကာကွယ်ဆေးများ ရောက်လာရန် မကြာတော့ပြီဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည့်အခါ မြန်မာ ပြည်သူတို့ အားရဝမ်းသာဖြစ်ရ၏။
အိန္ဒိယနိုင်ငံနှင့် စာချုပ်ချုပ်ဆိုဝယ်ယူထားသော ကိုဗစ်ရောဂါ ကာကွယ်ဆေး ရောက်လာ တော့မည်။ ပထမဆုံးအသုတ် ဆေးများရောက်လာသည်နှင့် ကျန်းမာရေးဝန်ထမ်းများကို ဦးစွာထိုးနှံပေးရန် အစီအစဉ်သည် ဖေဖော်ဝါရီလထဲတွင် ဖြစ်လိမ့်မည်ဟုဆို၏။
အမှန်မှာ ကိုဗစ်ကပ်ရောဂါက ကမ္ဘာနာဖြစ်သောကြောင့် နိုင်ငံအားလုံးက ကာကွယ်ဆေးကို မျှော်ကြသည်။ အားလုံးလိုချင်နေကြ သည်ချည်း။ မိမိတို့နိုင်ငံအနေဖြင့်ရသင့်သလောက် ရရှိဖို့လို သလို အခြားနိုင်ငံများနှင့် မျှဝေယူရန်လည်း လိုသည့်အတွက် တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် တစ်ဆင့်ချင်း စီမံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ခြင်း မရှိသေး မီကာလတွင် ကျန်းမာရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင် ရွက်ကြဖို့သည် အလွန်အရေးကြီးပါသည်။
အောင့်အည်းသည်းခံရင်း အားတင်းရင်း၊ အောင်မြင်သည်ထိ မြန်မာနိုင်ငံသားပြည်သူတို့ အန္တရာယ်ဟူသမျှ အတူတကွ တွန်းလှန် ကျော်ဖြတ်ကြပါစို့။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)