နေပြည်တော် ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာနရှိ မဟာဗောဓိစေတီတော်ကြီး တွင် အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
အခမ်းအနားသို့ သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ) ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာကျောင်းတိုက်၊ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကား ပြန့် ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဘဒ္ဒန္တပညာသာမိထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်ကို နာယူကြည်ညိုတော်မူကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဋ္ဌာန်းစာအုပ်၊ ပဋ္ဌာန်းအိုးနှင့် လှူဖွယ်ပစ္စည်းကို ဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိပုဂ္ဂိုလ်များက ဆရာ တော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာသာမိ ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာ တရားနာ ယူကြည်ညိုကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာနရှိ မဟာဗောဓိစေတီ တော်ကြီးတွင် အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၆ ရက်မှ ၁၀ ရက်အထိ ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)