နေပြည်တော် ဇန်နီဝါရီ ၆
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ Access to Health Fund နှင့် Jhpiego – Johns Hopkins University Affiliate တို့ ပူးပေါင်းဆောင်ရွက်သည့် သူနာပြုနှင့်သားဖွား ဒီပလိုမာ (၃နှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (၂နှစ် သင်တန်း) နောက်ဆုံးနှစ်များ၌ အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်းကာ စတင်သင်ကြားမည့် အစီအစဉ်မိတ်ဆက်မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ဖြစ်စဉ်ကာလ၌ ကဏ္ဍပေါင်းစုံတွင် ထိခိုက်မှုများရှိပြီး ဆေးနှင့် ဆေးပညာနှီးနွှယ်ပညာ သင်ကြားရေးကဏ္ဍ၌ လည်း ထိခိုက်မှုများစွာရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဖြစ်စဉ်ကာလ အတွင်း၌ ဆေးနှင့်ဆေးပညာနှီးနွှယ်ပညာ တက္ကသိုလ် (၁၆) ခု၌ သင်ကြားမှုများ ခေတ္တရပ်ဆိုင်းထား ရခြင်းကို အမြန်ဆုံးပြန်လည်စတင်နိုင်ရေးနှင့် သင်ကြားသင်ယူမှု လုပ်ငန်းများ ပိုမိုကောင်းမွန် တိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ခေတ်မီ အီလက်ထရောနစ်နည်းပညာသုံး ပညာသင်ကြားမှုများလည်း တစ်ခုအပါအဝင်ဖြစ် ပါကြောင်း။
ယခုကဲ့သို့ ခေတ်မီ အီလက်ထရောနစ်နည်းပညာသုံး သင်ကြားသင်ယူမှုပုံစံကို အသုံး ပြုရန်အတွက် လိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ ဆောင်ရွက်ပုံနည်းစနစ်များ သင်ကြားခြင်းနှင့် ကနဦးစမ်းသပ်ခြင်းလုပ်ငန်းများကို စီမံချက်ပုံစံဖြင့် ပြုလုပ်၍ စနစ်တကျ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သူနာပြုများနှင့် သားဖွားဆရာမများသည် ကျန်းမာရေးစနစ်တစ်ခု၏ အဓိကနယ်ပယ်ကြီး (၄) ခု ဖြစ်သော ပြည်သူများ၏ကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည်သန်စွမ်းရေးဟူသည့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအားလုံးတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ပြီး နိုင်ငံတော် နှင့်ဝန်ကြီးဌာနတို့အတွက် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါ ကြောင်း။
ဝန်ကြီးဌာနအနေဖြင့်လည်း (၂၀၁၆) ခုနှစ်၊ ဧပြီလမှစ၍ အဓိကဦးစားပေး (၃) ခုတွင် သူနာပြုနှင့် သားဖွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းပြီး၏ သူနာပြုနှင့် သားဖွား လောက ပိုမိုအဆင့်အတန်းမြင့်မားလာရေးကို ဦးတည်၍ အထူးအလေးထားကာ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများတွင်လည်း သူနာပြုများနှင့် သားဖွား ဆရာမများသည် ရောဂါကူးစက်ခံရနိုင်ချေ အန္တရာယ်ရှိသည့် ရှေ့တန်းနေရာမှ အစွမ်းကုန် ကြိုးပမ်း ထမ်းဆောင်နေသည်ကို ပြည်သူများအနေဖြင့်လည်း သိရှိမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နေမှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိမှတ်တမ်းတင်အပ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရည် အသွေးပြည့်ဝသော သူနာပြုနှင့်သားဖွားဆရာမ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ဖြည့်ဆည်း နိုင်ရေးအတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလ မှစတင်ကာ နိုင်ငံတကာအဆင့်မီသင်ရိုး ညွှန်းတမ်း များ မွမ်းမံပြင်ဆင်ရေးဆွဲခြင်း၊ ခေတ်မီ သင်ကြားသင်ယူမှု ပုံစံနည်းစနစ်များ ဖြင့်သင်ကြားစေခြင်း၊ သင်တန်းဝင်ခွင့်များ ပိုမိုတိုးမြှင့် ခေါ်ယူခြင်း၊ သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ခေတ်မီသင် ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
(၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ သူနာပြုဆရာ/ဆရာမ (၇,၄၅၅) ဦး၊ သားဖွားဆရာမ (၃,၈၄၄) ဦး နှင့် အကူသူနာပြု (၉၃၀) တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ လက်ရှိတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (၅၃) ခုတွင် တက်ရောက်နေသည့် သင်တန်းသား/ သူ(၉,၅၃၈) ဦးနှင့် သူနာပြုတက္ကသိုလ်များတွင် တက်ရောက်နေသည့် သင်တန်းသား/သူ (၁,၄၉၉) ဦး ရှိပြီး အဆိုပါ သင်တန်းသား/သူများအတွက် သင်ကြားသင်ယူမှုလုပ်ငန်းများ အဆက်မပြတ်စေရေးသည် နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ ခေတ်မီသတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချကာ သင်ကြားသင်ယူမှုများကို ဝန်ကြီးဌာန ၏ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ဆောင်ရွက်လျက်ရှိခဲ့ပြီး ယခုအခါ အီလက် ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ကို သူနာပြုတက္ကသိုလ် များနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ၏ သင်ကြား သင်ယူမှုအစီအစဉ်များတွင် ထည့်သွင်းပေါင်းစပ်ကာ စတင်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ သင်ကြားမှု ဗီဒီယို များကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် သက်ဆိုင်ရာ တက္ကသိုလ်များ၏ အင်တာ နက်စာမျက်နှာများတွင် လွှင့်တင်ထားလျက်ရှိရာ သင်တန်းသား/ သူများက သင်ယူ လေ့လာ နိုင်ရုံသာမက၊ ဆရာဝန်များ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ သူနာပြု များ၊ ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေး ပညာရှင်များနှင့် သားဖွားဆရာမ များက မြန်မာနိုင်ငံ နေရာအနှံ့မှ အင်တာနက် ကွန်ရက်အသုံးပြုကာ ပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ် အချက် အလက်များကို လေ့လာနိုင်သဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပြည်သူများအား ပေးလျက်ရှိပါကြောင်း။
သူနာပြုတက္ကသိုလ်များမှ ပါမောက္ခများနှင့် ဆရာ/ ဆရာမများအနေဖြင့်လည်းကောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (၅၃) ကျောင်းမှ ဆရာ/ ဆရာမများ အနေဖြင့်လည်း ကောင်း ဘာသာရပ်ဆိုင်ရာ သင်ကြားမှု ဗီဒီယိုများ ပိုမိုရိုက်ကူးကာ လွှင့်တင်ထားကြရန် ကိစ္စကို ဦးစားပေးအဖြစ်ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ သင်ကြားသင်ယူမှု လုပ်ငန်း များဆောင်ရွက်ရာတွင် သင်တန်းသား/ သူများ၏ သင်ခန်းစာအပေါ် နားလည်သဘော ပေါက်မှုနှင့် သုံးသပ်ချက်အမြင်တို့ကို အမြဲလေ့လာဆန်းစစ်နေရမည်ဖြစ်ပြီး ပိုမိုနားလည် သဘောပေါက် လွယ်စေရေးအတွက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ရိုးညွှန်တမ်းများ ကို လည်း ဆေးနှင့်ဆေးပညာ နှီးနွှယ်လောကရှိ ဘာသာရပ်အလိုက် နောက်ဆုံးပေါ် အချက် အလက်များ၊ တွေ့ရှိချက်များနှင့်အညီ အမြဲတမ်းမွမ်းမံပြင်ဆင်၍ သင်ကြားရမည်ဖြစ်ပါ ကြောင်း။
သင်ကြားသင်ယူမှုများပြုလုပ်ရာတွင် အပြန်အလှန်တက်ကြွစွာဆွေးနွေးခြင်း ပုံစံများ ဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊ ဘာသာရပ်သင်ခန်းစာများသင်ကြားရာတွင် သင်ခန်းစာ အားလုံးအတွက် အချိန်တစ်ပြေးညီတည်းမဟုတ်ဘဲ တတ်ကျွမ်းရန်အရေးကြီးမှု အတိုင်း အတာအလိုက် သင်ကြားချိန်များကို ချိန်ဆဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားဆရာမများအား ဆေးရုံများတွင် လက်တွေ့သင်ကြားပြသရာတွင် ပိုမိုကောင်းမွန် တတ်မြောက် စေရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိ သူများ နှင့်ဆေးရုံများမှ အထူးကုဆရာဝန်ကြီးများ ဆွေးနွေးပြီး ဆောင်ရွက်စေလို ပါကြောင်း၊ စာမေးပွဲ များတွင်လည်း အလွတ်ကျက်မှတ်ပြီး အကြောင်းအရာများကို မေးမြန်းဖြေဆိုရသည့် ပုံစံဖြင့် မဟုတ်ဘဲ နားလည်သဘောပေါက်နိုင်စွမ်းနှင့် လက်တွေ့ အသုံးချနိုင်စွမ်းတို့ကို စစ်မေးသည့် ပုံစံဖြင့်ဆောင်ရွက်စေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံများတွင် ကျင့်သုံးနေသည့် စာအုပ်စာတမ်းများကို ကြည့်ရှုကိုးကားပြီး ကိုယ်ပိုင်စဉ်း စားဉာဏ်ဖြင့် စာအုပ်ဖွင့် ဖြေဆိုရ သည့် စနစ် (open book exam system) နှင့် မေးခွန်းလွှာကို မိမိနေ ထိုင်ရာသို့ ယူဆောင် ဖြေဆိုရသည့် စနစ် (take home exam) တို့ကိုလည်း ထည့်သွင်းကျင့်သုံး စေလိုပါကြောင်း။
ဆရာ/ ဆရာမများ၏ သင်ကြားမှုစွမ်းရည်များ ပိုမိုမြင့်မားစေရေး လုပ်ငန်းများကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်စေလိုပါကြောင်း၊ ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှု ပတ်ဝန်း ကျင်များရရှိစေရေးအတွက်လည်း ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ် ကြီးများက ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၌ လိုအပ်သည့် သင်ကြားသင်ယူမှု အထောက်အကူပြု ပစ္စည်းများအား ဝန်ကြီးဌာနမှ ဆက်လက်၍ ဦးစားပေးအနေဖြင့် ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ယခု အီလက်ထရောနစ် စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ကို အသုံးပြုရာ၌ တွေ့ကြုံနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို အမြဲတမ်း သုံးသပ်၍ ကျော်လွှားကြ ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အင်တာနက် အမြန်နှုန်းနှေးသည့် နေရာအနည်းငယ်၌လည်း ပုံစံတစ်နည်းဖြင့် ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည့်အတွက် အဆင်ပြေချောမွေ့မည်ဟု ထင်မြင်ပါ ကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လူတိုင်းလက် လှမ်းမီ လွှမ်းခြုံပေးနိုင်သော ကျန်းမာရေးပန်းတိုင် (UHC) ကို ရရှိအောင် မြင်စေရေးတို့ အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေသော သူနာပြုနှင့် သားဖွားဆရာမများ ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဦးစားပေး သတ်မှတ်ကာ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး တာဝန်ရှိသူများ အနေဖြင့်လည်း စုစည်းညီညွတ် စွာဖြင့် ဆက်လက်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ Jhpiego အဖွဲ့မှ Country Director Ms. Leah Thayer က သင်ကြား သင်ယူမှုကဏ္ဍတွင် E-Learning Platform ၏ အရေးပါမှုနှင့် Jhpiego အဖွဲ့မှ E-Learning Platform ဆောင်ရွက်နိုင်ရေး ပါဝင်ကူညီခဲ့မှုများအား ပြောကြားသည်။
ယင်းနောက် Nursing Now Myanmar Video Clip ကို ပြသသည်။
ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင်က E-Learning Platform ၏ နောက်ခံအချက်အလက်များကို လည်းကောင်း၊ Jhpiego အဖွဲ့၏ Deputy Technical and Program Director ဒေါ်နန်းနန်းအောင်က E-Learning Platform ကို ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက် ဆောင် ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း (စစ်တွေ) မှ ကျောင်းအုပ်ကြီး ဒေါ်နုနုဇံက E-Learning Platform အသုံးချ သင်ကြားသင်ယူမှု အတွေ့ အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ သူနာပြုတက္က သိုလ် (ရန်ကုန်)နှင့် သူနာပြုတက္ကသိုလ် (မန္တလေး) တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ သူနာပြုနှင့် သားဖွား သင်တန်းသူများ၊ UNFPA၊ UNICEF၊ Access to Health Fundနှင့် Jphiego အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)