ဘားအံ ဇန်နဝါရီ ၆
ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု အခန်းကဏ္ဍများကို အများပြည်သူ သိမြင်နိုင်စေ ရန်အတွက် ဘားအံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်က ကရင်ပြည်နယ်ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာစောင်(Citizen Budget) Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့သည်။
Talk Show ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းရီ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်သန်းနု တို့က ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေး၊ ပြည်သူလူထုပူးပေါင်း ပါဝင်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်ပေးရေး၊ Citizen Budget စာစောင်ကို ဖတ်ရှု့ခြင်းအားဖြင့် သိရှိနိုင်မည့်အချက်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လုပ်ငန်းတာဝန်များ၊ အစိုးရ၏ဦးစားပေးမူဝါဒများ၊ မေခရိုစီးပွားရေး ဆိုင်ရာအချက်အလက်များ၊ ဘတ်ဂျက်တွင်ပါဝင်သောဌာနအဖွဲ့အစည်းများ၊ နိုင်ငံတော်၏ဘဏ္ဍာရေးမူဝါဒ၊ ဘတ်ဂျက် လုပ်ငန်းစဉ်နှင့်ရေးဆွဲမှုတွင် ပါဝင်နိုင်သောအခွင့်အလမ်းများ၊ ဌာနအဖွဲ့အစည်းများ၏အရအသုံးအခြေအနေ၊ ဘဏ္ဍာရေး ဆိုင်ရာထောက်ပံ့မှု၊ ရငွေလျာထားမှု၊ အခွန်အကောက်လျာထားမှု၊ ပြည်သူရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ရန်ပုံငွေနှင့် ကြွေးမြီရငွေအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
ကရင်ပြည်နယ်ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာစောင်(Citizen Budget)ကို အများ ပြည်သူ လေ့လာသိရှိနိုင်ရန် စာစောင်မိတ်ဆက်ရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး သတင်းမီဒီယာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများထံ ဖြန့်ဝေပေးထားပြီး လိုအပ်ပါက ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ ဆက်သွယ်ရယူနိုင်ကြောင်းနှင့် ပိုမိုကောင်မွန်သည့် Citizen Budget စာစောင်ကို ထုတ်ဝေနိုင်ရန်အတွက် စာစောင်နှင့်ပတ်သက်၍ အသိပေးလိုသည်များ၊ အကြံပြုချက်များကိုလည်း ပြည်နယ် ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနသို့ ဆက်သွယ်အကြံပြုနိုင်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)