Skip to main content

ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေး ဂိတ်များသို့ ကြည့်ရှုစစ်ဆေး

ကလိန်အောင် ဇန်နဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင်ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ၆ ရက် နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဦးဟိုပင်၊ တိုင်းရင်းသားရေးရာဝန်ကြီး စောလုကာ၊ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မွန်ပြည်နယ်-တနင်္သာရီတိုင်းဒေသကြီးအဝင် မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ အဖွဲ့ခေါင်းဆောင် ဒုဦးစီးမှူး ဦးသိန်းစိုး၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ် တာဝန်ခံအရာရှိ ရဲအုပ် ဝင်းဇော်ထွန်း ပူးပေါင်းအဖွဲ့များနှင့် တွေ့ဆုံ၍လိုအပ်သည်များမှာကြားကာတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစည်းအဝေး ဆုံးဖြတ်ချက် အရ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အမိန့်နှင့် ညွှန်ကြားချက်ဖိုင်အား အဖွဲ့ခေါင်းဆောင် ဒုဦးစီးမှူး ဦးသိန်းစိုး ထံအပ်နှံ၍ ဂိတ်အနီး ယာယီနေထိုင်ကြသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အလုပ်လာရောက်လုပ်ကိုင်ကြသော လုပ်သားများအား အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့တို့သည် ကလိန်အောင်မြို့အဝင် ကံပေါက်လမ်းဆုံ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေး ရေးဂိတ်သို့ ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ အဖွဲ့ခေါင်းဆောင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် တာဝန်ကျဝန်ထမ်းများကို တွေ့ဆုံ၍ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ အလှည့်ကျ နေစဉ်တာဝန်ကျနေရာချထားမှု အခြေအနေများ၊ အခက်အခဲများကို မေးမြန်းပြီး အားပေးစကားပြောကြားကာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အမိန့်နှင့် ညွှန်ကြားချက်ဖိုင်အား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)