Skip to main content

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ် ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်က အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး အကျိုးအပြစ်ကို လျော့ပါးစေရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP) အား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း လာမည့်အစိုးရအသစ်လက်ထက် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ(၁၂)ရပ်အနက် (၇) ရပ်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် လာ‌ရောက်ရင်းနှီးမြှုပ်နှံလာသော လုပ်ငန်းများအပေါ် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေး အရှိန်မြှင့်တင် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီဝင်များက လိုအပ်သည်များရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)