Skip to main content

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓာဘိသေက အနေကဇာတင်မင်္ဂလာနှင့် စေတီတော် ဘက်စုံပြုပြင် လှူဒါန်းခြင်း ရေစက်ချမင်္ဂလာကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၅

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓာဘိသေက အနေကဇာတင် မင်္ဂလာနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး ၍ စေတီတော် ဘက်စုံပြုပြင်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာ အခမ်းနားကို ယမန်နေ့ နံနက် ၉ နာရီက ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ကြီး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး အစိုးရဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စေတီတော်အလှည့်ကျ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး ဗုဒ္ဓာဘိသေက အနေကဇာတင်မင်္ဂလာနှင့် စေတီတော်ကြီး ဘက်စုံ ပြုပြင်လှူဒါန်းခြင်း အထိမ်းအမှတ်အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အလှူရှင်များက အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ကြသည်။

ယင်းနောက် စေတီတော်ကြီး ဘက်စုံပြုပြင်လှူဒါန်းခြင်းအောင်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ၊ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇထံမှ ပရိတ်သတ်များ က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ကြပြီး သံဃာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သာသနာရေး ဆိုင်ရာ များကို လျှောက်ထားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြသည်။ ထို့နောက် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် သြဝါဒစရိယ ဆရာတော်၊ တိုင်ဒေသကြီးဥက္ကဋ္ဌ ဒွီပိဋိကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘန္ဒန္တအဂ္ဂသာမိဆရာတော်က သြဝါဒ စကားချီးမြှင့်ပြီး နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသအဂ္ဂ မဟာသဒ္ဒမ္မဇော်တိက ဓဇဆရာတော်ထံမှ လှူဒါန်းမှူအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)