မုံရွာ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူးသည် မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများလိုက်ပါ၍ ယမန်နေ့ နံနက် (၉) နာရီက မုံရွာမြို့နယ် တောင်မတောကျေးရွာအနီးရှိ တောင်မတောတောင် သို့ တက်ရောက်၍ ပြည်သူများ တောင်တက်အပန်းဖြေနားနေနိုင်ရေး၊ တောတောင်သဘာဝ စိမ်းလန်းစိုပြေစေရေး ကိစ္စရပ်များ အတွက် ဆောင်ရွက်ပေးရမည့် အခြေအနေများအား သိရှိနိုင်ရန် တောင်မတောတောင် သို့ တက်ရောက်ကြည့်ရှုခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဆိုပါ တောင်မတောတောင် သည် ကျောက်တုံးကျောက်ခဲများဖြင့် သဘာဝ အလှတရားများ တည်ရှိခြင်းကြောင့် သဘာဝအလှတရားများ မပျက်စီးစေရေး ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ စိမ်းလန်းစိုပြေ စေရေးအတွက်လည်း အားလုံးပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ တောင်မတောတောင်သို့ လာရောက် အပန်းဖြေသူများ များပြားလျက်ရှိကြောင်းသိရှိရ၍ ယခုကဲ့သို့ ခရီးသွားပြည်သူများ အပန်းဖြေလာရောက်ခြင်းဖြင့် ပတ်ဝန်းကျင် ကျေးရွာများ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ သဘာဝအလှတရားကို ပြည်သူများ ခံစား တန်ဖိုးထားတက်ရန် လိုအပ်ကြောင်း၊ ဒေသခံများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ တောင်တက်လမ်း ကောင်းမွန်စေရေးအတွက် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ထားသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်းနှင့် လိုအပ်သည့်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများမှလည်း ပူးပေါင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ တောင်တက်ခြင်းအလေ့ အထများ မပျောက်ပျက်စေရန်အတွက် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား လမ်းခုလပ်တွင် ရပ်နားစေရန် လိုအပ်ပါကြောင်း၊ တောင်တက်လမ်းတစ် လျှောက်တွင် နားနေရန် နေရာများလည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးသည် တောင်မတောတောင်ထပ်ရှိ စေတီတော်အား ဖူးမြှော်ကြည်ညို၍ အလှူတော် ငွေများကို ပေးအပ်လှူဒါန်းခဲ့ပြီး တောင်တက်လမ်းတစ်လျှောက် ကွန်ကရစ်လမ်းခင်းခြင်းအတွက် ဘိလပ်မြေအိတ်(၅၀၀)အိတ်အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)