ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဂုဏ်ထူး ဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ စကားသံများကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်-
ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ
ဦးအောင်ကိုဝင်း
ကမ္ဘောဇဘဏ်လီမိတက် နာယက
ကျွန်တော်ရရှိတဲ့ ဘွဲ့ကတော့ ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့ဖြစ်တဲ့ သရေ စည်သူဘွဲ့ ဖြစ်ပါ တယ်။ ဒီဘွဲ့ဟာဆိုရင် နိုင်ငံတော်နဲ့ ပြည်သူ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ် ချီးမြှင့် တဲ့ဘွဲ့ဖြစ်ပါတယ်။ ကျွန်တော့်ကို ပေးအပ် ချီးမြှင့်ခဲ့တဲ့ သရေစည်သူဘွဲ့ ဟာ ဆိုရင် မြန်မာ နိုင်ငံမှာ အရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း ရှင်များအနက် ပထမဦးဆုံးချီးမြှင့်ခံရတာဖြစ် ပြီး အမြင့်ဆုံးပေးအပ်ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူး ဆောင်ဘွဲ့ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်းပြည်ပက ပေးအပ်တဲ့ ဘွဲ့အမြောက်အမြား ရရှိခဲ့ပါတယ်။ မှတ်မိသလောက် ဆိုရင် ဝဏ္ဏကျော်ထင်ဘွဲ့၊ စည်သူဘွဲ့၊ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ၄ ကြိမ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရဲ့ အထူး ဂုဏ်ထူးဆောင်ဆုနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ လက်ထက် မှာလည်း အထူး ဂုဏ်ထူး ဆောင်ဆု ရရှိခဲ့ပါတယ်။ အခု ဆက်လက်ပြီးတော့ သရေစည်သူဘွဲ့ ရရှိ တာဖြစ်ပါတယ်။ အဓိက ကတော့ အခုရရှိ တဲ့ဘွဲ့က နိုင်ငံတော်အခွန်ဘဏ္ဍာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းကြောင့် ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆိုရင် နိုင်ငံတော် အခွန် ဘဏ္ဍာတာဝန် ဝင်ငွေခွန်ကို ၈ နှစ်ဆက် တိုက် ပထမနေရာကနေထမ်းဆောင် ခဲ့ပြီးဖြစ်ပါတယ်။ ၉ နှစ်မြောက် အတွက်လည်း ကြိုတင် အခွန်ကို သွင်းပြီး ဖြစ်ပါတယ်။ ဒါ့ပြင် ၁၀ နှစ်မြောက်အတွက်လည်း ဆက်လက် ပေးသွင်းနေပြီဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အခွန် ဘဏ္ဍာတာဝန်ကို ကျေပွန်စွာထမ်းဆောင် လျက်ရှိသလို နိုင်ငံတော်နဲ့ပြည်သူအတွက် လှူဒါန်းခဲ့တာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ငွေကျပ် ဘီလီယံ ၁၈၀ ကျော်ရှိပါပြီ။ အခုဖြစ်ပွားနေတဲ့ ကိုဗစ်ကိစ္စတစ်ခုတည်း အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက် ကတည်းက စတင်ပြီး လှူဒါန်းခဲ့တာ ငွေကျပ် ၁၁ ဒသမ ၂ ဘီလီယံကျော်ရှိပါပြီ။ နောင်မှာ လည်း ဆက်လက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သက်ပုံ
ဒီနေ့အခမ်းအနားမှာ ကျွန်တော်ချီးမြှင့် ခြင်းခံရတာက ဇေယျကျော်ထင်ဘွဲ့ဖြစ်ပါ တယ်။ ကျွန်တော် တက္ကသိုလ် ဝင်တန်းကို ၁၉၈၃ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ တပ်မတော် ထဲကို ဝင်ရောက်ပြီး ကျရာတာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ပါတယ်။ အခုအချိန်အထိဆိုရင် ကျွန်တော့် ရဲ့ စစ်မှုထမ်းသက် ၃၄ နှစ် ကျော်ပါ ပြီ။ အဲဒီကာလအတွင်း နိုင်ငံတော် တစ်နံ တစ်လျားမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေကျေပွန်ပွန်နဲ့ အပြစ်ကင်းစင်စွာ ထမ်းဆောင်ခဲ့တဲ့အတွက် နိုင်ငံတော် နဲ့ တပ်မတော်က ကျွန်တော့်ကို ချီးမြှင့်တာဖြစ်ပါ တယ်။ အခုလို ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရတဲ့ အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါတယ်။ ကျွန်တော်အပါအဝင် မိသားစုအားလုံးက လည်း ဂုဏ်ယူနေကြ မယ်လို့ မျှော်လင့်ပါတယ်။
နှစ်သစ်အခါသမယမှာ အခုလို နိုင်ငံတော် က ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့အခမ်းအနား နဲ့အတူ ဘွဲ့တံ ဆိပ်တွေ ချီးမြှင့်ခြင်းခံရတဲ့ အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါတယ်။ ဆက်လက်ပြီး တာဝန် ထမ်းဆောင် ဖို့ ကျန်ရှိတဲ့ နှစ်တွေမှာလည်း နိုင်ငံ့တာဝန်တွေ၊ တပ်မတော် တာဝန်တွေကို စွမ်းစွမ်းတမံ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ပြု ပါတယ်။
လူငယ်တွေအနေနဲ့ ကျရာ နိုင်ငံ့တာဝန် အသီးသီးကို ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန် ထမ်းဆောင်ရာမှာ နိုင်ငံတော် အတွက် အကောင်းဆုံး ကြိုးပမ်းထမ်းဆောင် ကြပါ။ ပြည်ထောင်စု မပြိုကွဲ ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့အတွက် အားလုံး ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ လူငယ် ညီငယ်တွေကို ပြောကြားလိုပါတယ်။ ကျေးဇူး တင်ပါတယ်။
ဒုတိယဗိုလ်မှူးကြီး သီဟသူရအေးမင်းအောင်
ဒီနေ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားမှာ ကျွန်တော်ရရှိတဲ့ ဘွဲ့က သီဟသူရ ဘွဲ့ဖြစ် ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လက ရခိုင် ပြည်နယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ကျွန်တော့် တပ်ရင်းက အရာရှိ၊ စစ်သည်တွေကို စနစ် တကျ ကြီးကြပ်ကွပ်ကဲ ကိုယ်တိုင်ဦးဆောင်ပြီး နောက်ဆုံးအခြေအနေအထိ တိုက်ပွဲဝင်ခဲ့ပါ တယ်။ ရန်သူက ကျွန်တော်တို့ထက် သာလွန် တဲ့အင်အားနဲ့ အကြိမ်ကြိမ် အပြီးတိုင်ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခြေအနေမှာ ကျွန်တော့်တပ်ရင်းက အရာရှိ၊ စစ်သည်တွေ ထိခိုက်ကျဆုံးမှု အနည်းဆုံးဖြစ်အောင် စီမံ ကွပ်ကဲပြီး ရွပ်ရွပ်ချွံချွံ ဦးဆောင် တိုက်ပွဲ ဝင်ခဲ့ ပါ တယ်။
ကျွန်တော်တို့ စစ်သားတွေဟာ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် နေတဲ့ သူတွေ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကို ထိခိုက် လာတဲ့ ဘယ်လိုအန္တရာယ် မျိုး ဖြစ် ဖြစ် ကျွန်တော်တို့ ကာကွယ်မှာဖြစ်ပါတယ်။ တပ်မတော်ရဲ့တာဝန်ကလည်း ဒို့တာဝန် အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့တပ် မမျှော်လင့်ဘဲ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ တပ်ရင်း အနေနဲ့ စည်းလုံး ညီညွတ်စွာ ပိတ်ဆို့လာတဲ့ရန်သူကို တွန်းလှန်ခဲ့ တာဖြစ်ပါတယ်။ ဘွဲ့ထူး ဂုဏ်ထူး ရဖို့အတွက် ဆိုပြီး ရည်ရွယ်ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ခဲ့မှု အပေါ်မှာ အခုလို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဘွဲ့ထူးဂုဏ်ထူး ပေးအပ်ချီးမြှင့်လာတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဗိုလ်မှူး သူရရန်နိုင်ဦး
ဒီနေ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားမှာ ကျွန်တော်ရရှိတဲ့ ဘွဲ့က သူရ ဘွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ က တပ်မတော်သားတွေဖြစ်တဲ့အတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို လိုက်နာစောင့်ထိန်း ကာကွယ် စောင့်ရှောက်ရပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ တာဝန် ထမ်းဆောင်တဲ့အချိန်မှာ ဒို့တာဝန် အရေးသုံးပါးကို ကျူးလွန်ဖောက်ဖျက်လာတဲ့ ရန်သူတွေကို တိုက်ခိုက် ချေမှုန်းတဲ့အချိန် ကျွန်တော်ဟာ လက်အောက်ငယ်သား ရဲဘော် ရဲဘက်တွေနဲ့အတူ ရက်ပေါင်း များစွာ အပင်ပန်းခံ၊ အဆင်းရဲခံပြီး ရန်သူတွေကို ရွပ်ရွပ်ချွံချွံ စနစ်တကျ ချေမှုန်း တိုက်ခိုက် ခဲ့လို့ သူရဘွဲ့ကို ချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။
အခုလို ချီးမြှင့်ခံရတဲ့အတွက် များစွာ ဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီးလည်း တိုင်းပြည်နဲ့ လူမျိုး အတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ဆက်လက်တာဝန်ထမ်းဆောင် သွားမယ်လို့ သန္နိဋ္ဌာန်ပြုပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် ကျဆုံး သွားတဲ့ စစ်သည်တွေကိုလည်း ဒီကနေပြီး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။
ဗိုလ်ကြီး သူရဇော်ဦးလွင်
ကျွန်တော် သူရဘွဲ့ ရရှိတာဖြစ်ပါတယ်။ စစ်မြေပြင်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ကျူးလွန်ဖောက်ဖျက် လာတဲ့သူတွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက် တွန်းလှန်ခဲ့တဲ့အတွက် နိုင်ငံတော်နဲ့ တပ်မတော်က ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ကြုံလာတဲ့ တိုက်ပွဲတွေအားလုံးကို ကိုယ့် အထက် အရာရှိတွေ၊ ရဲဘော်တွေနဲ့အတူ ရွပ်ရွပ် ချွံချွံ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါ တယ်။ အခုလို သူရဘွဲ့ ရရှိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ် လျှောက်လုံးမှာလည်း တိုင်းပြည်အတွက်၊ လူမျိုး အတွက်၊ တပ်မတော်အတွက် အစွမ်း ကုန် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အသက်ပေးသွားရတဲ့ ရဲဘော်ရဲဘက် အားလုံးအတွက်လည်း ဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်။
ဒုတိယအရာခံဗိုလ် သူရထွန်းဝေ၏ဇနီး
ဒေါ်အသန်း
ကျွန်မက သူရဘွဲ့ရရှိခဲ့တဲ့ ဒုတိယအရာခံ ဗိုလ်ထွန်းဝေရဲ့ဇနီး ဒေါ်အသန်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ကျွန်မအမျိုးသား ဒုတိယအရာခံဗိုလ် ထွန်းဝေ (ကျဆုံး) ကိုယ်စား တက်ရောက်တာ ဖြစ်ပါတယ်။ ကျွန်မ အမျိုးသားက ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား တိုက်ပွဲ ဝင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲ မှာ ကျဆုံးခဲ့တဲ့အတွက် များစွာဝမ်းနည်းခဲ့ရ ပါတယ်။ ဒါပေမယ့် တိုင်းပြည်အတွက် အသက်ပေးခဲ့ရတာဖြစ်လို့ ကျွန်မအမျိုးသား အတွက် များစွာ ဂုဏ်ယူပါတယ်။ တိုင်းပြည် အတွက် အသက်ပေးစွန့်လွှတ်ခဲ့တဲ့ စစ်သည် အားလုံးအတွက်လည်း အမြဲ ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။
သိပ္ပကျော်စွာ ဒေါက်တာတိုးလှ
ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့သမိုင်းအဖွဲ့
ကျွန်တော်က မြန်မာ့သမိုင်းအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါတယ်။ အရင်က သမိုင်း ပါမောက္ခ လုပ်ခဲ့ပါတယ်။ ဒီနေ့ရတဲ့ဘွဲ့တံဆိပ်က သိပ္ပကျော်စွာဘွဲ့ပါ။ ဒီဘွဲ့ ရတဲ့အတွက် ခံစားချက် တော့ ဝမ်းသာ ဂုဏ်ယူရတာပေါ့။ နောက်ပြီး ဒီဘွဲ့ရလိုက်တဲ့ အတွက် နေရထိုင်ရတာ နည်းနည်းတော့ ကျဉ်းကျပ်သွားသလိုပဲ။ ဘာကြောင့်လဲဆိုတော့ လုပ်ရမယ့်တာဝန်တွေဟာ ပိုများလာမယ်လို့ ယုံကြည် ပါတယ်။ အဲဒါကြောင့် လုပ်ရမယ့် တာဝန်တွေ စဉ်းစားလိုက်တဲ့အခါ ဒီအသက် အရွယ်နဲ့ဆိုတော့ စိတ်ကျဉ်း ကျပ်လာသလို ဖြစ်တာပေါ့။
မြန်မာ့သမိုင်းနဲ့ပတ်သက်ပြီး လောလော ဆယ် နှစ်ခုရေးနေပါတယ်။ “မြန်မာနိုင်ငံရဲ့ သမိုင်း မတိုင်မီ ခေတ်က လူတွေရဲ့သမိုင်း” နဲ့ “မြန်မာနိုင်ငံရဲ့ အလယ်ခေတ်သမိုင်း” ဖြစ်ပါ တယ်။ အလယ်ခေတ် သမိုင်းဆိုတာက ပုဂံ ခေတ်လွန်ပြီးတဲ့နောက် ပင်းယ၊ စစ်ကိုင်း၊ အင်းဝဆိုတဲ့ သုံးနိုင်ငံခေတ်ကို လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဘာသာရေး စသဖြင့် အခန်း ၇ ခန်းလောက်ဖွဲ့ပြီး ရေးနေ တာ ဒီကိုဗစ်ကာလကြီးမှာ ပြီးသွားပါပြီ။
ကျွန်တော့်ရဲ့ဘဝမှာ မှတ်မှတ်ရရ အခု သိပ္ပကျော်စွာဘွဲ့အပြင် အမျိုးသားစာပေဆု နှစ်ကြိမ်၊ ထွန်းဖောင်ဒေးရှင်းစာပေဆု နှစ်ကြိမ်၊ ဆရာဝန်တင်ရွှေစာပေဆု တစ်ကြိမ်၊ ပခုက္ကူ ဦးအုန်းဖေစာပေဆု တစ်ကြိမ်ရဖူးပါတယ်။ နောက်ပြီး ကျွန်တော်နေခဲ့တဲ့ အမေရိကန် တက္ကသိုလ်ကနေ DIA လို့ခေါ်တဲ့ Distinguished International Alliance ဆိုတဲ့ ဂုဏ်ပြုလွှာ ရဖူးပါတယ်။
ကျွန်တော့်အနေနဲ့ စာဖတ်ပရိသတ်ကို စာများများဖတ်စေချင်ပါတယ်။ သမိုင်းဆိုတာ က လူတိုင်းနဲ့ ဆိုင်တဲ့အတွက် လူတိုင်းဟာ ကိုယ်ဘယ်ဘာသာရပ်နဲ့ ဘာယူလာလာသမိုင်း ဆိုတာ လူ့အဖွဲ့အစည်းနဲ့ မကင်းတဲ့အတွက် သူတို့လည်း သမိုင်းတွေကို လေ့လာလာကြ မယ်ဆိုရင် ပိုကောင်းပါတယ်။ ဘာဖြစ်ဖြစ် သမိုင်းအမြင်ဆိုတာ ရှိပါတယ်။ သမိုင်းအမြင် ဆိုတာ လူတိုင်းမြင်တတ်ပေမယ့် ကိုယ်မြင်မှန်း မသိတာတွေကို ဒါသမိုင်း အမြင်ပဲ၊ ဒါသမိုင်း တွေပဲ ဒို့ဒီသမိုင်းတွေထဲမှာ ဒို့လှုပ်ရှားနေတယ်။ ဒို့ဟာ နောင်လူတွေ အတွက် တာဝန်တွေရှိတယ် ဆိုတဲ့ စိတ်ဓာတ်ကလေးတွေ သူတို့စိတ်ထဲ ဝင်သွားရင် ကျေနပ်ပါပြီ။
သိပ္ပကျော်စွာ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)
ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း
ဒီဘွဲ့ရမယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့ လုပ်စရာရှိတဲ့လုပ်ငန်းကို တိုင်းပြည်အတွက် အတတ် နိုင်ဆုံး ကြိုးစားပြီး လုပ်ခဲ့ပါတယ်။ ကျွန်တော်က မနုဿဗေဒနဲ့ ဝိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာ ဘွဲ့ရ တယ်။ ယဉ်ကျေး မှုဝန်ကြီးဌာနမှာ အငယ်တန်းအရာရှိ ဘဝ ကနေ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လုပ်ငန်းကို တာဝန်ကျေကျေကြိုးစားရင်းနဲ့ပဲ နိုင်ငံတော်က ချီးမြှင့်ခဲ့တဲ့ အတွက် အငယ်တန်းအရာရှိ ကနေ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာတယ်။
တာဝန်ထမ်းဆောင်တဲ့ ကာလမှာလည်း တိုင်းရင်းသားတွေ၊ နာဂဒေသအပါအဝင် ဒေသတွေကို ကွင်းဆင်း လေ့လာတယ်။ အဲဒီက ရတဲ့အချက်အလက်တွေကို စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေ၊ ဝတ္ထုတို၊ ဝတ္ထုရှည် (၁၀၀၀) ကျော်လောက် ရေးသားပြီးပါပြီ။ စာအုပ်အနေနဲ့ ၆ အုပ် ရေးသားပြုစုခဲ့ပြီး ၅ အုပ်က အမျိုးသား စာပေဆုအပါအဝင် နိုင်ငံတော်အဆင့် စာပေဆုတွေ ချီးမြှင့်ခံခဲ့ရပါတယ်။
မမျှော်လင့်ဘဲ ဒီဘွဲ့ကို ချီးမြှင့်ခံရတဲ့အခါ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ အရင် ကတော့ ကြိုးစားရတာပေါ့။ အသိအမှတ်ပြု ခံရတာ၊ မပြုခံရတာထက် နိုင်ငံတော်အတွက် အကျိုးသက်ရောက်မှု ရှိသွားတယ်ဆိုရင် အလိုလိုဝမ်းသာတယ်။ အခု နိုင်ငံတော်က ဒီလိုဘွဲ့တွေနဲ့ ချီးမြှင့်မြှောက် စားတယ် ဆိုတော့ ဝမ်းသာပြီးတော့ အားတက်လာတယ်။ ဆက်လက်ပြီးလည်း နိုင်ငံတော်နဲ့ ပြည်သူတွေ ကို ကိုယ်လေ့လာခဲ့တဲ့ ဘာသာရပ်နဲ့ အတတ်နိုင်ဆုံး အကျိုးပြုဖို့ ဆုံးဖြတ်ထား ပါတယ်။
လူငယ်တွေအတွက် စကားလက်ဆောင် ပါးရမယ်ဆိုရင် တော်တော်များများက တက္ကသိုလ် ပညာ ဆည်းပူး ရင် ဘွဲ့လက်မှတ် လောက်ရဖို့ပဲ စိတ်ကူးတယ်။ အဲဒီစိတ်ကူးကို စွန့်လွှတ်ပါ။ ကိုယ်နဲ့ အကိုက် ညီဆုံး ဘာသာ ရပ်ကို ရွေးချယ်လေ့လာပါ။ ဘွဲ့လက်မှတ် ရရုံလောက်မဟုတ်ဘဲ ထဲထဲဝင်ဝင်သိအောင် လုပ်ပါ။ ဆရာတွေသင်တဲ့ မှတ်စုလောက်နဲ့ မကျေနပ်ဘဲ စာကြည့်တိုက်တွေကိုသွားပြီး လေ့လာပါ၊ ဖတ်ပါ၊ မှတ်ပါ၊ ကျက်ပါ။ ဆရာ သင်ထားတာတွေက လမ်းပြအနေနဲ့ဖြစ်ပြီး စာကြည့်တိုက်မှာ သွားလေ့ လာတာက ပြန်ပြီး တော့ ကျယ်ကျယ်ဝန်းဝန်း ဖြည့်ဆည်းတဲ့ သဘောဖြစ်တယ်။ အဲဒီလိုဆိုရင် ကိုယ့် အနေနဲ့ တက္ကသိုလ်ပညာရပ်ကို ထူးထူးချွန်ချွန်လေ့လာတတ်မြောက်ခဲ့ပြီဆိုပြီး ကိုယ့်ဘာသာကိုယ် လည်း အားရတယ်။ ကျောင်းကထွက်ပြီဆိုရင် ပညာတွေကို ကျောင်းမှာ ချန်မထားခဲ့ဘဲ ကိုယ်နဲ့ တစ်ပါတည်း ယူသွားပါ။ မိမိလေ့လာ လိုက်စားခဲ့တဲ့ ပညာရပ်၊ ဘာသာရပ်နဲ့ တိုက်ရိုက်အကျိုးပြုရတဲ့ ဌာနမျိုးမှာ လုပ်ချင်မှ လုပ်ရမယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တတ်မြောက် ခဲ့တဲ့ ပညာတွေကို တစ်ဖက်တစ်လမ်းကနေ အသုံးချ နိုင်အောင် ကြိုးစားပါ။ စာရေးတာတို့၊ ဟောပြောတာတို့ တခြားနည်းလမ်းတွေရှိပါ တယ်။ အဲဒီလိုနည်းနဲ့ ပြန်ပြီးအသုံးချရင် မိမိကို သင်ကြား ပေးခဲ့တဲ့ တက္ကသိုလ်လည်း သင်ကြား ရကျိုးနပ်ပြီး ကိုယ်လည်း သင်ယူလေ့လာ ရကျိုးနပ်ပါတယ်။
အလင်္ကာကျော်စွာ ဦးစိန်စတင်း၏သား
ဦးမင်းဟန်(ခ)ဦးစိန်မင်းနိုင်(ဆိုင်းဆရာ)
ကျွန်တော့်ဖခင် ဦးစိန်စတင်းအနေနဲ့ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရပြီး အဖေ မရှိတော့တဲ့အတွက် အဖေ့ကိုယ်စား တက်ရောက်ရယူတာဖြစ်ပါတယ်။ အဖေ့အနေ နဲ့ ဆောင်ရွက်ချက်တွေ အများကြီး ရှိပါတယ်။ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်မှန်သမျှ မငြီးငြူဘဲ အလုပ်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် နိုင်ငံတော် က ကျင်းပတဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာ ဒိုင် အဖြစ်ရော၊ နည်းပြအဖြစ်ရော တာဝန်ယူ ပေးခဲ့တယ်။ နိုင်ငံတော်ကပေးတဲ့ ကျရာ တာဝန်ကို ထမ်းဆောင် ပေးခဲ့ပါ တယ်။ ဒီလို ချီးမြှင့်တဲ့ပွဲကို အဖေ သက်ရှိထင်ရှားရှိပြီး တက်ရောက်ယူစေချင်တာပါ။
အဖေနဲ့ပတ်သက်ပြီး မှတ်မှတ်ရရရှိတာ ကတော့ ကျွန်တော်ငယ်စဉ်အချိန် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဖျော်ဖြေပွဲတစ်ခု လုပ်တယ်။ အဲဒီဖျော်ဖြေပွဲမှာ ဆိုင်းအဖွဲ့ ၅ ဖွဲ့ တီးခတ်ဖျော်ဖြေတယ်။ အဲဒီအချိန်က အဖေက ပွဲဆက်များနေတော့ လက်တွေ နာနေတယ်လို့ သိရတယ်။ အားလုံးက အဖေတီးနိုင်ပါ့မလားလို့ သံသယဖြစ်ကြတယ်။ အဖေ့အလှည့်ရောက် တော့ အဖေပတ်လုံး စမ်းချိန်မှာပဲ အဖေ့နာမည် ရွတ်ပြီး ပရိသတ်က အားပေးကြတယ်။ အဖေ ကလည်း ပရိသတ်ကို အကောင်းဆုံး ဖျော်ဖြေခဲ့ပြီး ပရိသတ် ကလည်း နှစ်ထောင်း အားရ အားပေးခဲ့တယ်လို့ တစ်ဆင့်စကား ကြားရပါတယ်။ နိုင်ငံတော်က အဖေ စိန်စတင်းကို ဒီဘွဲ့ပေးတယ်ဆိုတာ အဖေ့ရဲ့ ပညာရပ်ကို အလေးထားပေးတယ်လို့ မြင်ပါ တယ်။
အဆိုပါ အခမ်းအနားတွင် သရေစည်သူ ဘွဲ့ရရှိသူ (၁)ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁)ဦး၊ သူရဘွဲ့ရရှိသူ (၃)ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၁၁)ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၁)ဦး၊ သိပ္ပကျော်စွာဘွဲ့ရရှိသူ (၄)ဦးတို့ကို ဂုဏ်ထူး ဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမင်းနိုင်
ဓာတ်ပုံ - ရွှေကိုလေး