နေပြည်တော် ဇန်နဝါရီ ၄
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်း အနား ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် နယ်စပ် ရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ် ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက် ကြသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး နှစ်ဦး၊ ဗိုလ်ကြီး သုံးဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ် တစ်ဦးနှင့် ဒုတိယတပ်ကြပ် နှစ်ဦးတို့ကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ဗိုလ်ကြီး တစ်ဦးကို လည်းကောင်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့် လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ် တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတကိုယ်တိုင် ချီးမြှင့်အပ်နှင်း သည့် ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်ရရှိခဲ့ကြသော တပ်မတော် သားများ၊ အမွေခံများနှင့် ယခုအခမ်းအနားတွင် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်းခံရသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့် လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အောင်ဆန်း သူရိယဘွဲ့ ရရှိသူ ခြောက်ဦး၊ သီဟသူရဘွဲ့ရရှိသူ ၅၀၊ သူရဘွဲ့ရရှိသူ ၅၄၅ ဦး၊ သီဟဗလ တံဆိပ်ရရှိသူ ခြောက်ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိသူ ၃၈၇၁ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၃၂၈၄ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ ၁၈၂၆ ဦးရှိပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး