ရန်ကုန် ဇန်နဝါရီ ၄
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံ တော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး၊ အမျိုး သားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့် ဝင်းဆွေ၊ တိုင်းဒေသကြီး တရား လွှတ်တော် ခေတ္တ တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ် များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲမှ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင် သည်။
ထို့နောက် နံနက် ၇ နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာ ကြသူများနှင့် အတူ နိုင်ငံတော်အလံကို အလေးပြုကြပြီး ဂုဏ်ပြုတပ် ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြု၍ သစ္စာ လေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့ သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
သတင်း - ကိုကိုဇော်၊ ဓာတ်ပုံ - ဇော်မင်းလတ်