ချောင်းဦး ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့သို့ ယနေ့ နံနက်၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ရောက်ရှိလာပြီး ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်အတွင်းရှိ ဓမ္မလင်္ကာရ ရှေးဟောင်း ကျောင်းဆောင်အား လှည့်လည်ကြည့်ရှုခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ မုံရွာမြို့နယ်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်၊ တိုင်းဒေသကြီး သာသနာရေးမှူး ဦးမျိုးဝင်းအောင်၊ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးတို့ လိုက်ပါလာခဲ့ရာ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှကြိုဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်တစ်ရာကျော် သက်တန်းရှိသည့် ရှေးဟောင်း ကျောင်းဆောင်၏ သစ်သားပေါ်ထွင်းထုထားသည့် ကနုတ်ပန်းဗိသုကာ လက်ရာများ၊ ကျောင်းဆောင်အတွင်းရှိ ရှေးဟောင်းပစ္စည်းများအား ကြည့်ရှုခဲ့ပြီး ရှေးဟောင်းယဥ်ကျေးမှုအနုပညာလက်ရာများ မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းထိုင်ဆရာတော်အရှင်ပဝရနှင့်သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ နံနက်၈နာရီ၄၀အချိန်တွင် မုံရွာမြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)