Skip to main content

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

စစ်တွေ ဇန်နဝါရီ ၄

၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံ တင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စစ်တွေမြို့ ဓညဝတီအားကစား ကွင်း၌ ယနေ့နံနက်ပိုင်းကကျင်းပသည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ်၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဂုဏ်ပြုတပ်ဖွဲ့က လွှင့်တင်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီတွင် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စစ်ကြောင်းမှ စစ်ကြောင်းချီတက်ပြီး စစ်ရေးပြမှူးက ဦးဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား အလေးပြုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်နှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများက နိုင်ငံတော်အလံအားအလေးပြု ကြသည်။ ဆက်လက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဖတ်ကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည်   လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်း တင်ရိုက်ကူး ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ စောင်များကို  ဖြန့်ဝေပေးခဲ့ကြသည်။

တင်ထွန်း(ပြန်/ဆက်)