မန္တလေး ဇန်နဝါရီ ၂
၂၀၂၁ ခုနှစ် ပဲရာသီအတွက် ပဲခူးတိုင်း ဒေသကြီး ရွှေကျင်၊ မဒေါက်ဒေသ များမှ စတင်ထွက်ရှိလာသည့် မြန်မာ ထွက်ကုန်သီးနှံ ပဲတီစိမ်း(ရွှေဝါ)များ မန္တလေးဈေးကွက်တွင် အဖွင့်ဈေး ကောင်းဖြင့် အရောင်းသွက်လျက် ရှိကြောင်း မန္တလေးပဲကုန်သည်များ ထံမှ သိရသည်။
အဆိုပါ ပဲတီစိမ်း(ရွှေဝါ)မှာ ယခင်နှစ် ယခုလိုရာသီချိန်၌ သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝယ်လို အားကြောင့် ဈေးနှုန်းများမြင့်တက် ကာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၃၀၀၀ နှုန်းဖြင့် အဖွင့် ဈေးကောင်းမွန်နေကြောင်း မန္တလေး မြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
‘‘ဒီရက်ပိုင်းမှာ မန္တလေးပဲဈေးကွက် ကို အညာဒေသစုံကထွက်တဲ့ ပဲတီစိမ်း သီးနှံတွေ လှိုင်လှိုင်ဝင်ရောက်လာပါ တယ်။ ဒီဇင်ဘာလလယ်လောက်က ထွက်တဲ့ အညာရွှေဝါပဲတီစိမ်းကတော့ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၂၀၀၀၀ နှုန်းနဲ့ အရောင်းအဝယ် ဖြစ်နေတယ်။ လက်ရှိအခြေအနေအရ ဈေးကွက်မှာ အရောင်းအဝယ်သွက်နေ ပေမယ့် ဒီရက်ပိုင်းမှာ မူဆယ်ကို တင်ပို့ တဲ့ ကားခဈေးက အရင်ကထက် ဈေးနှစ်ဆ ပိုပြီးတက်နေတဲ့အတွက် ပဲတီစိမ်းဈေးနှုန်းက တက်သင့် သလောက် မတက်နိုင်ဘူး ဖြစ်နေ တယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ဒီပဲတီစိမ်းကို အိန္ဒိယနိုင်ငံကလည်း မတ်လ ၃၁ ရက်ထိ တန်ချိန် ၁၅၀၀၀၀ ဝယ်ယူဖို့ရှိနေတာကြောင့် ဈေးကောင်း မယ့်အလားအလာ ရှိနိုင်တယ်လို့ မျှော်လင့်ရတယ်’’ဟု ၎င်းကပြောသည်။
ပဲတီစိမ်းသီးနှံသည် စပါးကဲ့သို့ ရာသီမရွေးစိုက်ပျိုးထွက်ရှိပြီး ပြည်ပ နိုင်ငံများသို့ အဓိက အားထားတင်ပို့ ရောင်းချရသည့် သီးနှံဖြစ်ကြောင်းနှင့် မကြာမီကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး ခရမ်းသုံးခွမြို့နယ်များမှ စိုက်ပျိုးထားသည့် ခရမ်းရွှေဝါပဲတီစိမ်း များလည်း ဈေးကွက်သို့ ဆက်လက် ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်
(မန်းကိုယ်ပွား)