Skip to main content

မြန်မာနိုင်ငံ ဂေါက်သီးရိုက် အားကစားမြင့်မားရေး အလုံးစုံအာမခံထားရှိ ဆောင်ရွက်မည်

ရန်ကုန်၊ ၂ ဇန်နဝါရီ 

မြန်မာနိုင်ငံ ဂေါက်သီးရိုက်အသင်းမှ အားကစားအဆင့်မြင့်မားရေးရှေးရှုကာ အားကစားသမားများ အာမခံထားရှိရေးနှင့် ဂေါက်ကွင်းနှင့် သက်ဆိုင်သော သက်ရှိ/သက်မဲ့ အလုံးစုံကို ကမ္ဘာ့အဆင့်မီဂေါက် ကွင်း များကဲ့သို့ အာမခံထားရှိရေး စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂေါက်သီးရိုက် အသင်းမှ သိရသည်။

“ခုဆိုရင် မြန်မာနိုင်ငံဂေါက်ရိုက်အသင်းကြီးဟာ နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိပြီး နေ့စဉ်ဂေါက်သီး ရိုက်ကစားသူ ၂၀၀ ကျော်ရှိလာပြီလို့ သိရတယ်။ ဒီဂေါက်ကလပ်ကြီးဟာ နိုင်ငံတကာ အဆင့်မီသလို ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာလည်း ရှိနေတယ်။  ဂေါက်ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ အခုလိုပူးပေါင်းဆောင်ရွက်ဖြစ်တာက ဂေါက်သီးရိုက်အားကစား အဆင့်မြင့်မား ရေးနဲ့ ဂေါက်ကလပ်ရဲ့ တာဝန်ရှိသူတွေက နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ရေးကို ရှေးရှုဆုံးဖြတ်ခဲ့လို့  ဖြစ်ပါတယ် ” ဟု ဂလို ဘယ်ဝေါ(လ်) အာမခံမှ ဒါရိုက်တာ ဉီးစိုးဝင်းသန့်က အာမခံထားရှိရေး နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုမှုနှင့်ပတ်သက်၍ ပြောပြသည်။

မြန်မာဂေါက်ကလပ်အနေဖြင့် အလုံးစုံအာမခံထားရှိရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမှ ဂလိုဘယ် ဝေါ(လ်) အာမခံလုပ်ငန်းနှင့် ပူးပေါင်းကာ  ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် ၉ မိုင်ရှိ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အသင်း အစည်းအဝေး ခန်းမ၌ နှစ်ဖက်သဘောတူလက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ခြင်းဖြစ်သည်။

“ဒီဂေါက်ကလပ်မှာ ဂေါက်သီးရိုက်အားကစားသမားတွေအပြင် ဝန်ထမ်း ၆၀၀ ကျော်ကိုလည်း စုပေါင်း အသက်အာမခံထားဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် ဂေါက်ကွင်းထဲသွားတဲ့ ဘက်ထရီကားတွေကိုလည်း အာမခံလုပ်ထားသလို Club House ကိုလည်း မီးအာမခံလုပ်ထားတဲ့အတွက် အလုံးစုံအာမခံရှိတဲ့ ဂေါက်ကွင်းလို့ ဆိုနိုင်မှာပါ” ဟု မြန်မာဂေါက်ကလပ်အသင်းမှ တွဲဖက်အတွင်းရေးမှူး ဉီးသန်းထွန်းက ပြောပြသည်။

မြန်မာနိုင်ငံဂေါက်သီးရိုက်အသင်းနှင့် ဂလိုဘယ်ဝေါ(လ်)တို့ထားရှိမည့် အာမခံလုပ်ငန်းနှင့် ပတ်သက်၍ နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုမှုတွင် လောလောဆယ်အနေဖြင့် ဂေါက်သီးရိုက်အားက စားသမားများ အလုံးစုံအကာ အကွယ်ရရှိမည့် ခရီးသွား အသက်အာမခံနှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံတို့ဖြစ်ကြောင်း သိရသည်။  

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်