Skip to main content

မော်လမြိုင်၊ကွက်ခိုင်၊ရွှေကူ၊ဝိုင်းမော်နှင့်တာချီလိတ်မြို့နယ်တို့တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် ညနေ ၃ နာရီတွင် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းတွင် Probox အမျိုးအစား မော်တော်ယာဉ်ပေါ်မှ BORGWARD အမျိုးအစားမော်တော်ယာဉ်ပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင် နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ စိုးလင်းဦး(ခ) ပြောင်လေး၊ တင်မျိုးလတ် (ခ)ဖိုးခွား၊ စောလှမျိုးကျော်(ခ)ဆင်ပြာနှင့် ခမ်းပါ(ခ)ရှမ်းတို့(၄)ဦးအား တွေ့ရှိရပြီး စိုးလင်းဦး(ခ) ပြောင်လေးမောင်းနှင်သော Probox မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ကိုလည်းကောင်း။

ထို့အတူ ဇန်နဝါရီ ၁ ရက်နံနက် ၇ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ-ကွတ်ခိုင်သွားကားလမ်း၊ ပျိုးဥ ယျာဉ်အနီးတွင် တိန်ယုံကျူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ တို့ကိုလည်းကောင်း။

အလားတူယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်၊ စီမူကြီးကျေးရွာအုပ်စု၊ နန့်လန်ကျေးရွာနေ ဌေးဦး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၃၉၀ ကိုလည်းကောင်း။

ထို့အတူယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ဗန်းမော်သွားကားလမ်း၊ ကီလိုမီတာတိုင်အမှတ် (၇၅၂)ကီလိုအနီးတွင် မအားဆင်း(ခ)ဇော်မီး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ တို့ကို လည်းကောင်း။

အလားတူယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းဘေးလမ်းမပေါ်တွင် စိုင်းကား (ခ)အိုက်ကား မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄,၀၀၀ ကိုသိမ်းဆည်းရမိသဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)