အမြို့မြို့အနယ်နယ်သတင်းများ

ဘယ်လင်းအကျဉ်းဦးစီးဌာနမှ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၌ အကျဉ်းသားအကျဉ်းသူ ခုနစ်ဦး လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀.၄.၂၀၂၆ ရက်စွဲပါ၊ အမိန့်အမှတ် (၅၁/၂၀၂၆)ဖြင့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း‌ အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် အချုပ်ထောင်/အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူများအား လွတ်ငြိမ်းသက်သာခွင့် ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ၌  ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့ကို “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟူသည့် စာဆိုနှင့်အညီ နိုင်ငံတစ်ဝန်းမြို့နယ်များရှိ မဟာဗောဓိညောင်ပင်များ၊ စေတီပုထိုးများတွင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကိုရည်မှန်းကာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ကျင်းပကြသည်။

ကဆုန်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးပင်စည်ကားလျက်ရှိ

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်စကားအတိုင်း ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသူများ၊ ဥပုသ်သီလ စောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့၌ ဘုရားဖူးလာ မိဘပြည်သူများကာ အလှူဒါနပြုလုပ်သူများဖြင့် အထူးစည်ကား

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဖြစ်သော ယနေ့တွင် ကျရောက်သည့် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးနှင့် ဘုရားကျောင်းကန်စေတီများတွင် ရုပ်ရှင်တော်မြတ်များအား နံနက်အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းခြင်းကို ယမန်နေ့ နံနက် ၅ နာရီမှစတင်၍အလှူဒါနပြုလုပ်သူများဖြင့်အထူးစည်ကားလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မျိုးဆက်သစ်လူငယ်များ အားကစားအဆင့်အတန်းမြင့်မားစေရေး၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး၊ လက်ရွေးစင်ကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလတစ်ရက်နေ့ နံနက်ပိုင်းက ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (May Day) အခမ်းအနား တက်ရောက်

ကချင်ပြည်နယ်တွင် နှစ်စဉ် မေလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကျင်းပပြုလုပ်ရာ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) အခမ်းအနား ကို ကချင်ပြည်နယ်အလုပ်သမားရေးရာဦးစီးဌာနက ကြီးမှူး၍ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ကဆုန်လပြည့်(ဗုဒ္ဓ)နေ့တွင် မန္တလေးမြို့အနှံ့ ဗောဒိညောင်ပင်များအား ညောင်ရေသွန်းလောင်းသူများ၊ စတုဒိသာကုသိုလ်ပြုသူများဖြင့် စည်ကားများပြား

ကဆုန်လပြည့်(ဗုဒ္ဓ)နေ့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်း၊ ဓမ္မစကြာဝတ်အသင်းများမှ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာများဖြင့် ဧည့်ခံကုသိုလ်ပြုခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်  ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားတက်ရောက်

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်  ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဦးမောင်ကြီး အာရုံခံတန်ဆောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာ ရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို မေလ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလုပ်ရုံ အလုပ်ရှင်များနှင့် အလုပ်သမားကြီးများ တက်ရောက်ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ