တောင်ကြီး မေ ၁
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဖြစ်သော ယနေ့တွင် ကျရောက်သည့် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးနှင့် ဘုရားကျောင်းကန်စေတီများတွင် ရုပ်ရှင်တော်မြတ်များအား နံနက်အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းခြင်းကို ယမန်နေ့ နံနက် ၅ နာရီမှစတင်၍အလှူဒါနပြုလုပ်သူများဖြင့်အထူးစည်ကားလျက်ရှိသည်။
ကဆုန်လပြည့်နေ့သည်ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏တန်ဖိုးထားရာနေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည်။ “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓဟူးနေ့” ဟုဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊ ဖွားမြင်တော်မူတဲ့နေ့၊ ဘုရားဖြစ်တော်မူတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ ထူးကဲသည့် အဖြစ်တော်များ ဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့ဟုမှတ်ယူကြသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ အထင်ကရနေရာများသော စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီးနှင့် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ရပ်နီးရပ်ဝေးနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာမိဘပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများက ဗောဓိညောင်ပင်အား ကဆုန်ညောင်ရည် သွန်းလောင်းပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)