မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 21,2023
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့ကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများမှ ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ နှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအပေါ် တိုးတက်မှုများ၊ နှစ်အလိုက်ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ကိန်းဂဏန်းများ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ပြုစုထားရှိရန် လိုအပ် မှာဖြစ်ကြောင်း၊အခြေခံစားသောက်ကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းညှိပေး နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဒေသတွင်း ကုန်စည်ဒိုင်များ၊ မွေးမြူရေးဒိုင်များနှင့် ချိတ်ဆက်ပြီး သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခြင်း၊ မြို့နယ်အလိုက် အခွန်လွတ်ဈေးများ ဖွင့်လှစ်ပေးခြင်းဖြင့် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများကို ထိန်းညှိစေရေး ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက်အကျိုးဖြစ် ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)များကို အားပေးမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး မောင်းနှင်အား ကောင်းမွန် လာစေရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများတွင် လုပ်ငန်းရှင်များမှလည်း နစ်နာမှု မရှိစေရေး၊ နိုင်ငံတော်မှလည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရေးတို့လည်း ဆောင်ရွက်သွားကြဖို့ လိုအပ်သည့်အပြင် သက်ဆိုင်ရာ ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်သောဌာနဆိုင်ရာ လုပ်ငန်းတင်ဒါခေါ်ယူမှုများတွင် နိုင်ငံတော်မှထုတ်ပြန်ထားသော တင်ဒါညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြစ်စေရေးဆောင်ရွက်ပေးကြရန် မှာကြားသည်။