ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄) ခန်းတွဲ (၃) ထပ်ဝန်ထမ်းအိမ်ရာ (၁၂) လုံးနှင့် ဓမ္မာရုံ ပြုပြင်နေမှုအခြေအနေများ၊ အိမ်ရာဝန်းအတွင်း ဝန်ထမ်းများသန့်ရှင်းသောသောက်သုံးရေရရှိစေရေး ရေသန့်စက်တပ်ဆင်ထားရှိမှု အခြေအနေများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကာ အဆောက်အအုံများ စနစ်တကျဖြင့် ရေရှည်အသုံးပြုနိုင်ရေး၊ ထိခိုက်ပျက်စီးမှုကြီးမားသည့် အဆောက်အအုံများအား ကြံ့ခိုင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရေး၊ အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ အဆောက်အဦပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။