လွိုင်ကော် မတ် ၁၅
ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများနှင့် စာသင်ဝိုင်းအသီးသီးမှ စာသင်သားများ တက်ရောက်ကြသည်။
ဦးစွာ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စေတနာပန်းတို့လန်းရာမြေ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးဖြင့် သင်ယူခွင့်မရရှိခဲ့သူများအတွက် ကျောင်းပြင်ပပညာရေးဖြင့် သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားထားကြောင်း၊ ကယားပြည်နယ်အနေနှင့် ၂၀၂၆ ခုနှစ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေ စာသင်သား (၁၉၈) ဦးသည် ရက်ပေါင်း (၄၀) ကြာ အရေးအဖတ်၊ အတွက်စသည့် အခြေခံစာတတ်မြောက်ရေးကို အောင်မြင်စွာတက်ရောက် သင်ယူနိုင်ပြီးဖြစ်သဖြင့် စာသင်သားအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ စေတနာထားသင်ကြားပေးခဲ့ကြသည့် နည်းပြနှင့် ကြီးကြပ်သူဆရာဆရာမများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (စာတတ်မြောက်ရေး) က ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဦးစီးကော်မတီက ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးအားလည်းကောင်း၊ အခြေခံစာတတ်မြောက်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲအခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ပညာရေးမှူးအားလည်းကောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူးက စေတနာရှင်လုပ်အားပေးနည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်သူများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက စာသင်သားများအတွက် သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကိုလည်းကောင်း ပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။
ထို့နောက် စာသင်သားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးနှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးနည်းပြများနှင့် ကြီးကြပ်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က အတွေ့အကြုံများ၊ တွေ့ရှိအကြံပြုချက်များနှင့် ဝမ်းမြောက်စကားများ ပြောကြားသည်။
ယင်းနောက် စာသင်ဝိုင်း (၃) ဝိုင်းမှ စာသင်သားများက စာဖတ်စွမ်းရည်သရုပ်ပြတင်ဆက်ခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသခဲ့သည်။
ဆက်လက်၍ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” သီချင်း၊ လောဓမ္မ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ကျောင်းသားကျောင်းသူများက “ အနာဂတ်မျှော်တွေးစဉ်ဆက်ပညာရေး” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက သီဆိုဖျော်ဖြေခဲ့သည့် အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုပြခန်းအား လှည့်လည်ကြည့်ရှုကာ နည်းပြ ဆရာ၊ ဆရာများ၊ စာသင်သားများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ဓမ္မာရုံ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်က လွိုင်ကော်တက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ပူဇော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားဖွင့်လှစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အခမ်းအနားတက်ရောက်လာကြသူများက ကျောင်းထိုင်ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဉက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် (၉) ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျောင်းထိုင်ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဉက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ဆရာတော်ကြီးများအား ဩကာသကန်တော့ကျိုးဖြင့် ပြန်လည်ကန်တော့ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီး ဆရာသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)