ကယားပြည်နယ်ဝန်ကြီးချုပ် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း အခမ်းအနားတက်ရောက်ချီးမြှင့်၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) သို့တက်ရောက်

လွိုင်ကော် မတ် ၁၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှဦးစီး၍ လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို လွိုင်ကော်မြို့ အောင်သီဟရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်းကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသနေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက အောင်သီဟရပ်ကွက် အခြေပြမြေပုံအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများက ဂတ်စ်အိုးမီးလောင်မှု၊ ဆီဒယ်အိုးမီးလောင်မှုနှင့် လူနေအိမ်မီးလောင်မှုမီးငြိမ်းသတ်မှုများအားသရုပ်ပြခြင်း၊ မီးဘေးသင့်ပြည်သူ လူဦးရေစာရင်းကောက်ယူခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသရုပ်ပြသခြင်း၊ ဆီသိုလှောင်ကန်မီးလောင်မှုမီးငြိမ်းသတ်ခြင်းအား သရုပ်ပြသခြင်း၊ မီးသတ်စက် မီးသတ်ယာဉ်များ၏ စွမ်းရည်ပြ  ရေပက်သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာတွင် မီးသတ်ဝန်ထမ်းများသည် ရဲစွမ်းသတ္တိအပြည့်နှင့် ပြည်သူအပေါ်ဝန်ဆောင်မှုပေးနေသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြောင်း၊ မီးဘေးသဘာဝဘေးများတွင် မိမိအသက်ကို ပဓာနမထားပဲ စွန့်လွှတ်စွန့်စားကြသူများဖြစ်ကြောင်း၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် သင့်(၄) သင့်အနေအထားနှင့် အမြဲရှိနေရန်လိုအပ်ကြောင်း၊ မိမိတို့၏စွမ်းရည်ကို အစဉ်အမြဲမြှင့်တင်ဆောင်ရွက်ရန်နှင့် မီးဘေး၊ သဘာဝဘေးစသည့် ဘေးအန္တရာယ်တစ်စုံတစ်ရာပေါ်ပေါက်လာပါက စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ပြည်သူများအနေဖြင့်လည်း ယခုပညာပေးသရုပ်ပြမှုများကို မှတ်သားပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းစသည်ဖြင့် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံး ပြည်နယ်မှူးက လက်ခံရယူခဲ့ သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား မီးလောင်လျှင် အသုံးပြုနိုင်သည့် Mobile app (191) အသုံးပြုပုံများကိုတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများ အင်အား (၇၀၀) ကျော်တက်ရောက်ကြောင်း သိရှိရသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၆)ကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့အနေနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပြီး စီးပွားရေးကိစ္စရပ်များတွင်လည်း မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း လုပ်ငန်းပြန်လည်စတင်မည့် လုပ်ငန်းရှင်များ၏အခက်အခဲများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ လွိုင်ကော်မြို့သည် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက်လာရန် ကော်မတီဝင်အားလုံးက ကြိုးပမ်းဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များ၏အခက်အခဲများကိုလည်း သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကူညီပေးရန်လိုအပ်ကြောင်း စသည်ဖြင့်  ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လွိုင်ကော် စက်မှုဇုန်တွင် သဘာဝဇီဝဓာတ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့မှုများ၊ သစ်အခြေခံလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ်မှတ်တမ်းထားရှိခွင့်ပြုရန်စသည်တို့အား ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)