ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းသားကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

လွိုင်ကော်      မေ     

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အခြေခံပညာကျောင်းသားကျောင်းသူများအတွက် နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ ကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းများကို နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသားလူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ မိမိအသက်အရွယ်နှင့်ကိုက်ညီသည့် ဝါသနာပါရာ သင်တန်းများကိုတက်ရောက်ပြီး မိမိတို့၏ အရည်အသွေးမြင့်မားအောင် ကြိုးစားကြရန်အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ် လူငယ်များပေါ်ထွက်လာစေရန်၊ ကဏ္ဍစုံတွင်လူငယ်များပိုမိုပါဝင်လာစေရန်အတွက် လူငယ်ရေးရာမူဝါဒနှင့် အမျိုးသားအဆင့်မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ကြားပို့ချမည့် နည်းပြများအနေနှင့် အနာဂတ်၏ ပန်းကောင်းလေးများကို ပုံဖော်ပေးမည့် ဉယျာဉ်မှူးများဖြစ်သည့်အတွက် ကလေးငယ်များနားလည်လွယ်အောင်၊ စိတ်ဝင်စားအောင် အကောင်းဆုံးလေ့ကျင့်သင်ကြားပေးရန် အလေးအနက်တိုက်တွန်းလိုကြောင်း၊ သင်တန်း တက်ရောက်မည့် ကျောင်းသားမောင်မယ်များအနေနှင့် နေ့စဉ်နှင့်အမျှ အတတ်ပညာ၊ အသိပညာများကို သင်ကြားနေခြင်းသည် လူငယ်တစ်ယောက်၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အတော်ဆုံး၊ အကောင်းဆုံးဖြစ်လာအောင် ကြိုးစားနေခြင်းက နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအပေါ် ကျေးဇူးပြုနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီသင်တန်းများအတွက် ထောက်ပံ့ငွေပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လက်ခံယူသည်။

ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး သီဆိုဖျော်ဖြေသည့်အဖွဲ့များအား ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ အခြေခံပညာကျောင်းသားကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ ကွန်ပျူတာသင်တန်းများကို နည်းပြ (၁၉) ဦး၊ သင်တန်းသား (၃၁၆) ဦးဖြင့် သင်တန်းကာလ ၁၈ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်အတွက် ချေးငွေများထုတ်ချေးပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စံပြုလုပ်ထုံးလုပ်နည်း (SOP)များနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်နယ်အတွင်း အမှန်တကယ်အကျိုးရှိပြီး ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းတို့ကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးချနိုင်ရန်အတွက် ချေးငွေများ ဆက်လက်ထုတ်ချေးသွားရန်၊ ချေးငွေများနှင့်ပတ်သက်၍ အတိုးနှင့်အရင်းများ စနစ်တကျပြန်လည်ပေးသွင်းနိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်နှင့် စာရင်းဇယားတိတိကျကျ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်နယ်၏ စီးပွားရေးကဏ္ဍ၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှု၊ ထုတ်ချေး ပြီးစီးမှု၊ ပြန်လည်ပေးဆပ်မှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေ အနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)