အမြို့မြို့အနယ်နယ်သတင်းများ

လသာမြို့နယ်တွင် အမျိုးသားသွေးဌာန ဝန်ထမ်းများအား Flu Vaccine ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမျိုးသားသွေးဌာနတွင် ယနေ့နံနက်ပိုင်းအချိန်က လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အမျိုးသားသွေးဌာနရှိ ဝန်ထမ်းများအား Flu Vaccine ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခဲ့ကြသည်။

တာမွေမြို့နယ်၌ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို/ အမှိုက်ခြောက်/ ပလတ်စတစ်/ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စသည်ဖြင့် စနစ်တကျ ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ပါးစေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ တာမွေပလာဇာရှေ့၌ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံတွင် ၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ (၁၆:၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်‌ပေးခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် နိုင်ငံသားများ၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အခြေခံအပညာအထက်တန်းကျောင်းခွဲ ညောင်ပင်ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှုများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှုများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း)ကျောင်းသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် အစိုးရနှင့်ပြည်သူအကြား တိုက်ရိုက်ထိတွေ့ဆက်သွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယမန်နေ့နံနက် ၉ နာရီက (၅၃) ရပ်ကွက် ဦးဘိုးလှဘုရားဓမ္မာရုံ၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်‌ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီက အခြေခံပညာအလယ်တန်းကျောင်း (မြကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်သူများအား စပါးခွံဇီဝမီးသွေးမြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ဒေသခံတောင်သူများအား စပါးခွံဇီဝမီးသွေးမြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက အိုးဘိုကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြသ​ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ကောလိယချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲအထက်တန်းကျောင်းတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို One Stop Service နေ့ချင်းပြီးအစီအစဉ်ဖြင့် ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းကာ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ