ဒဂုံတောင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် အစိုးရနှင့်ပြည်သူအကြား တိုက်ရိုက်ထိတွေ့ဆက်သွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယမန်နေ့နံနက် ၉ နာရီက (၅၃) ရပ်ကွက် ဦးဘိုးလှဘုရားဓမ္မာရုံ၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယုက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ရည်ရွယ်ချက် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲစတင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယုက လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များ၊ လွှတ်တော်အတွင်း အတွေ့အကြုံများ ရှင်းလင်းပြောကြားခြင်းနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းကူးတံတားသဖွယ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုအကြား တိုက်ရိုက်ထိတွေ့ပြောဆိုနိုင်ပြီး ပြည်သူ့အသံကိုအခြေခံကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ကာ ပြည်သူ့စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ဆောင်ရွက်နေမှုများနှင့် ပြည်သူတစ်ဦးချင်းစီ၏ လိုက်နာဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများအား ပြောကြားဆွေးနွေးသည်။
ယင်းနောက် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ကြီးကြပ်ရေးမှူး ဦးဟန်မျိုးလှိုင်က ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်လင်းက ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံဗဟုသုတများအား ဆွေးနွေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်ကြသော ဒေသခံပြည်သူများက ပတ်ဝန်းကျင်သန့်ရှင်းရေးလိုအပ်ချက်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးနံရံကပ်ပြသခြင်းများ ဆောင်ရွက်ကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင်