တာမွေမြို့နယ်၌ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်

တာမွေ ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို/ အမှိုက်ခြောက်/ ပလတ်စတစ်/ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စသည်ဖြင့် စနစ်တကျ ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ပါးစေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ တာမွေပလာဇာရှေ့၌ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအစီအစဉ် ဆောင်ရွက်ရာတွင် တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအား အသိပညာပေး ရွေ့လျားမော်တော်ယာဉ်များဖြင့် အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်းများပြသခြင်း၊ အသိပညာပေးဆောင်ပုဒ်များ ရေးသားထားသည့် ဆိုင်းဘုတ်ငယ်များပြသခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် အသိပညာပေး စတစ်ကာကပ်ခြင်း၊ အမှိုက်လေးမျိုး ခွဲခြားစွန့်ပစ်မှုကို လက်တွေ့ပြသခြင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူလေးများက အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး တေးသရုပ်ဖော်သီချင်းတို့ဖြင့် သီဆိုကပြခဲ့ကြသည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုအခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ တာမွေမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထက်ခိုင်၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထား‌သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင် (ပြန်/ဆက်)