ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇွန် ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် နိုင်ငံသားများ၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အခြေခံအပညာအထက်တန်းကျောင်းခွဲ ညောင်ပင်ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်က အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ထုတ်ပေးရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အသက် (၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ ၁၁၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းများ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ (ဆိပ်ကမ်း)