အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မိုးနှောင်းသီးနှံများ စိုက်ပျိုးရာတွင် ထယ်ရေးနက်နက်နှင့် ညက်ညက်ရရှိအောင် ပြုလုပ်၍ အချိန်မီစိုက်ပျိုးနိုင်ရေး မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒွေးလှကျေးရွာ တောင်သူဦးနေဝင်း၏ ကွင်းအမှတ်(၃၃၇)၊ ဦးပိုင်(၁၄၅) စိုက်ပျိုးမြေ(၂)ဧကတွင် ရေဆင်းစပ်မျိုး(၁) မိုးနှောင်းနေကြာသီးနှံ စိုက်ပျိုးရန် မြေပြုပြင်စိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကစတင်၍ လူစည်ကားရာနေရာများ၌ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဘဲဥများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 28,2024
ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်‌၊ ဖောင်တော်ဦးဘုရားလမ်းရှိ ကောင်းသုခအထွေထွေရောဂါကုဆေးရုံ၏ ဆေးဆိုင်တွင် ဆေးဝါးထားသိုမှု ဖြန့်ဖြူးရောင်းချမှုစနစ်တို့သည် သက်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Nov 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံမြေများ၊ တောတောင်များ၌ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်လျက်ရှိသော ဝဥပင်များမှ ဝဥများအား ရှာဖွေတူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း (၁၃၉)လမ်းမကြီးပေါ်လမ်းအမှတ် ၄၇ နှင့် ၄၈ ကြားရှိ အလုပ်သမားညွှန်ကြားမှုဦးးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင်ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော အဲယားကွန်းပြုပြင်တပ်ဆင်ခြင်း သင်တန်းဆင်းပွဲနှင့် အခြေခံဂဟေဆက်သင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။
Nov 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံတောင်သူများက လိပ်သို-သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်း ကျေးရွာ လမ်းဆုံတွင် ကွမ်းကြမ်းများ ရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။