ရန်ကုန် ဒီဇင်ဘာ ၁၅
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ခွဲတွင်ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း နှင့် တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က Video Message ဖြင့် မိန့်ခွန်း မြွက်ကြားပြီးနောက် ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိန့်ခွန်း ပြောကြား သည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရရှိသူများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လည်းကောင်း၊၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု ရရှိသူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က ဆုများ အသီးသီးချီးမြှင့် ပေးအပ်ကြသည်။
ယင်းနောက် ဆုရရှိသူများ၏ကိုယ်စား တစ်သက်တာစာပေဆုရှင် ဆရာကြီးဦးညွှန့်မောင်(မောင်မောင်ညွှန့်-မန်းတက္ကသိုလ်) နှင့် အမျိုးသားစာပေ ဆုရရှိသူ များ၏ ကိုယ်စား ဆရာမကြီးဒေါ်ခင်ဖုဏ်းရည် (နတ်မောက် အနီချို) တို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်သူ အကြီးအကဲများနှင့် အမျိုးသားစာပေ တစ်သက်တာဆုရပုဂ္ဂိုလ်များ၊ အမျိုးသား စာပေဆုရ ပုဂ္ဂိုလ်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)