Skip to main content

ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး (၁၀/၂၀၂၀) ကျင်းပ

လွိုင်ကော် ဒီဇင်ဘာ ၁၅

ကယားပြည်နည်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး (၁၀/၂၀၂၀)ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တ ပြည်နယ်ဝန်ကြီးချုပ် ဦးဘောစ့်ကိုက ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေ၊ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု အခြေအနေများနှင့် ပြည်နယ်အတွင်း ကုန်စည် စီးဆင်းမှု မပြတ်တောက်စေရေးအတွက် ယာယီကုန်တင်ယာဉ် ရပ်နားစခန်း ဖွင့်လှစ်ပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအ နေများအား ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ကယားပြည်နယ်သို့ ဝင်ရောက် သည့် အဝင်အထွက်ဂိတ်များတွင် ဝင်/ထွက်သွားလာသူများကို စနစ်တကျမှတ်တမ်း ထားရှိရန် လိုပါကြောင်း၊ သို့မှသာ ရောဂါပိုးတွေ့ရှိလာမည်ဆိုပါက လက်လှမ်းမီစွာ ထိန်းသိမ်း စိစစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တာဝန်ကျဌာန အကြီးအကဲနှင့် ဝန်ထမ်းများကလည်း ဝင်/ထွက် သွားလာသူများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ တိတိကျကျစစ်ဆေး မှတ်တမ်းတင်ဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ ကယားပြည်နယ်အတွင်း သို့ ဝင်ရောက်လာမည့် တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြမည့် လုပ်သားများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ Hotel Quarantine ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေး ချက်များနှင့်ပတ်သက်ပြီး ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ်မှ လိုအပ်ချက်များရှိပါက မိမိတို့ အစိုးရအဖွဲ့ထံသို့ အမြန်ဆုံးတင်ပြဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အိမ်ပြင်ထွက်ပါက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်မှာဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘောစ့်ကို၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)မှ ဒေသကွပ်ကဲရေးမှူးနှင့် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

အောင်ထွန်းလေး(ပြန်/ဆက်)