Skip to main content

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (ARIC) ၉/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးအား Online မှတစ်ဆင့် Zoom Application ဖြင့် ကျင်းပပြုလုပ်

ပုသိမ်  ဒီဇင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၉/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က Online မှတစ်ဆင့် Zoom Application ဖြင့်ကျင်းပရာ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ တက် ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ARIC အစည်းအဝေးအား ကော်မတီစတင်ချိန်မှ ယနေ့အထိ(၉)ကြိမ်မြောက် ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ယနေ့ထိ လုပ်ငန်းပေါင်း (၅၇) ခုကို ခွင့်ပြုနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အစည်းအဝေး (၉) ခု ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၅) ခုကို ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည် တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးရန်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ရန် အခြေခံဖြစ် သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း  (၂) ခုကို ဥပဒေနှင့် အညီ အတည်ပြုမိန့်ထုတ်ပေးနိုင်ရေးဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြုပ်နှံမှု ကော်မတီဝင်များအနေဖြင့် ကော်မတီမှ အတည်ပြုမိန့် ထုတ်ပေးထားသည့် လုပ်ငန်း များအား ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ နှင့် ဒေသခံများနှင့် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ တို့ကိုလည်း ကြီးကြပ်ကွင်းဆင်း ပံ့ပိုးဆောင်ရွက်သွားကြရမှာ ဖြစ်ပြီး၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြမည့် လုပ်ငန်းရှင်များအနေနှင့်လည်း မိမိတို့၏ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြနိုင်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အမြန်ဆုံး လွယ်လင့်တကူ ဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ သိရှိရသည်။

ထို့နောက် Myaung Mya FM Biomass Power Co.,Ltd ၊ China Moon Soorts (Myanmar) Co.,Ltd တို့မှ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းအမျိုးအစားများနှင့် ပတ်သက်၍ အသေးစိတ်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်( ခရိုင်ပြန်/ဆက်)