တောင်ကြီး ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု၊ တောင်လေးလုံး အကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင်များအား ယနေ့ နံနက်(၁၀)နာရီက အဆိုပါအကျဉ်းထောင်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းများရှိ ပြစ်ဒဏ်ကျခံနေရသူများ၏ မိသားစုဝင်များနှင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီခရီးသွားလာမှု အခက်အခဲများကြောင့် အကျဉ်းကျခံနေသော အကျဉ်းသား၊ အကျဉ်းသူများထံသို့ စားနပ်ရိက္ခာသော်လည်းကောင်း၊ အသုံးအဆောင်ပစ္စည်းသော်လည်းကောင်း လာရောက်ထောက်ပံ့ပေးအပ်နိုင်ရေး အခက်အခဲရှိသည့် အချိန်ကာလတွင် မွန်းကြပ်မှုများ ပြေလျော့သွားစေရန် လာရောက်တွေ့ဆုံအားပေးရင်း တောင်လေးလုံးအကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက် လုပ်အားရှင်များသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယခုလိုစားနပ်ရိက္ခာများ လာရောက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ တောင်လေးလုံး အကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သား၊ ရဲဘက်လုပ်အားရှင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးသော စားနပ်ရိက္ခာများသည် တစ်ဦးတစ်ယောက်ချင်းစီအတွက် တန်ဖိုးများပြားမှုမရှိသော်လည်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင်များသည် ပြည်သူများသာ ဖြစ်သောကြောင့် အစိုးရမှပြည်သူများကိူ အထောက်အပံ့ တစ်ခုအနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ယနေ့ထောက်ပံ့မှုအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင်ဦးရေ စုစုပေါင်း (၁၂၇၉၁)ဦး အတွက်တန်ဖိုးငွေမှာ (၂၅၅)သိန်းကျော်ဖြစ်ကြောင်း ပြောကြားလိုကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်သိန်းတစ်သောင်းကျော်အား အခြေခံ စားကုန်အမယ်(၅)မျိုး ထောက်ပံ့ပေးနိုင်ခဲ့ပြီး ငွေကြေးထောက်ပံ့မှုအနေဖြင့် တစ်အိမ် ထောင်လျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း တစ်သိန်းခုနှစ်သောင်းကျော်ကို ယနေ့အချိန်အထိစုစုပေါင်း(၄)ကြိမ် ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အကျဉ်းထောင်မှ ချက်မှတ်ထားသော စည်းမျဉ်စည်းကမ်းများ ကို တစ်ဦးတစ်ယောက်ချင်းစီအလိုက် တစ်သွေမသိမ်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ပြစ်ဒဏ်အသီးသီးမှ အမြန်ဆုံးလွတ်မြောက် နိုင်ကြပါ စေကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ညောင်ရွှေအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်လွင်မှ Power Point ဖြင့်ရှင်းလင်း တင်ပြပြီးရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ နှင့်တာဝန်ရှိသူများက အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အလုပ်စခန်းများအတွက် စားနပ်ရိက္ခာနှင့်ကလေးသူငယ်များ အတွက်ပုံဆွဲစာအုပ် သုတရသစာအုပ်များပေးအပ်ရာ ညောင်ရွှေအကျဉ်းထောင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်လွင်မှလက်ခံရယူကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)